
နှစ်ပေါင်း ၃၀ ကျော်အတွင်း အဆိုးရွားဆုံးရေဘေးနဲ့ ရင်ဆိုင်ခဲ့ရပြီး ကာလရှည်အခက်အခဲနဲ့ ကြုံနေရတဲ့ ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့က ရေဘေးသင့်ပြည်သူတွေကို စစ်အာဏာရှင်ခန့် ဧရာဝတီတိုင်း ဝန်ကြီးချုပ်က ဆန် ၂ ဘူးစီ ဝေငှပေးခဲ့တယ်လို့ သိရပါတယ်။
တလနီးပါး ရေကြီးရေလျှံဖြစ်နေရာကနေ ရေနည်းနည်းပြန်ကျလာတဲ့ လေးမျက်နှာမြို့နယ်ထဲက ရေဘေးသင့်ပြည်သူတွေကို ဩဂုတ် ၂၈ ရက် မနေ့ နေ့လယ်ပိုင်းမှာ ခေါ်တွေ့ပြီး အဲဒီလို ဝေငှ ပေးခဲ့တာပါ။
လေးမျက်နှာမြို့ခံတယောက်က “နဝင်းကျောင်းမှာ လာသွားတာ။ ထုံးစံအတိုင်း ဘာလုပ်ပေးမယ်၊ ညာလုပ်ပေးမယ်တွေပြောပြီး နှစ်သိမ့်သွားတာပေါ့။ ပြီးတော့ ဆန်နှစ်လုံးစီ ကြွပ်ကြွပ် အိတ်ကလေးတွေနဲ့ ထည့်ပြီး ဝေသွားတယ်” လို့ DVB ကို ပြောပါတယ်။
လေးမျက်နှာရေဘေးဟာ ၁၉၉၁ ခုနှစ် ထိန်ငူတာကျိုးတုန်းကဖြစ်ခဲ့တဲ့ ရေကြီးရေလျှံမှုရဲ့ နောက်ပိုင်းမှာ အဆိုးရွားဆုံးနဲ့ ဧရိယာအကျယ်ပြန့်ဆုံးဖြစ်ပွားနေတဲ့ ရေဘေးဖြစ်ပြီး ဒေသခံ လူဦးရေ သိန်းနဲ့ချီက ရေဘေးဒုက္ခခံစားနေရတာ ဖြစ်ပါတယ်။
လက်ရှိမှာ ဧရာဝတီရေဘေးအတွက် စေတနာရှင်တွေ စုပေါင်းလှူဒါန်းမှု ကျပ်ငွေ ၂၃ ဘီလီယံအထိ ရရှိထားပေမဲ့ စရေဘေးကာလ တလနီးပါးကြာလာချိန်အထိ စစ်အာဏာရှင်က ထိရောက်တဲ့ ကူညီထောက်ပံ့တာတွေ မလုပ်ဆောင်တာကြောင့် ဒေသခံပြည်သူတွေက ဝေဖန် နေကြပါတယ်။
ဒါ့အပြင် ရေဘေးသင့်ပြည်သူတွေကို အနယ်နယ်ကလာလှူတဲ့ စားသောက်ကုန်နဲ့ ထောက်ပံ့ရေး ပစ္စည်းတွေကိုလည်း ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့တွေက ရေဘေးသင့် ပြည်သူတွေ လက်ထဲ မထည့်ဘဲ ဂိုထောင်တွေထဲစုပုံထည့်ထားတာတွေ့ရပြီး ပျက်စီးမှုတွေလည်း ရှိနေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
လက်ရှိမှာ လေးမျက်နှာရေဘေးရဲ့ နောက်ဆက်တွဲအနေနဲ့ ကျုံပျော်၊ ရေကြည်၊ ငါးသိုင်းချောင်း၊ ဟင်္သာတနဲ့ ကျောင်းကုန်းအထိ ရေဝင်နစ်မြုပ်မှုတွေဖြစ်ပေါ်နေပြီး မိုးစပါးစိုက်လယ်ဧက သိန်းနဲ့ချီ ရေလွှမ်းခံထားရပါတယ်။
ဒေသခံတယောက်က “ရေပြန်ကျရင် ပြန်စိုက်ဖို့ မျိုးစေ့တွေဘာတွေ စုထားတယ်တော့ ပြောသွားတာပဲ။ ရေက အနည်းဆုံး ၃ လလောက်ကြာမယ်။ ရေလည်းကျရော စပါးစိုက်ရာသီက ပြီးနေပြီလေ” လို့ ပြောပါတယ်။
စစ်အာဏာရှင်ရဲ့ ဧရာဝတီတိုင်း ဝန်ကြီးချုပ်ဦးအေးကျော်ဟာ ကျိုးကျခဲ့တဲ့ ငဝန်တာကို တပတ်၊ ဆယ်ရက်အတွင်း ပြန်ပိတ်မယ်လို့ ပြည်သူကို လူသိထင်ရှား ကတိပေးခဲ့ပေမဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်း တာကြောင့် အခု ရက်ပေါင်း ၃၀ ကြာတဲ့အထိ မပိတ်ဆို့နိုင်ဘဲ ရေဝင်ဧရိယာ ပိုကျယ်ပြန့်လာ နေပါတယ်။
လက်ရှိရေဘေးကြောင့် ဧရာဝတီတိုင်းအတွင်းဒေသခံတွေ ကျပ်ငွေ ဘီလီယံနဲ့ချီ ဆုံးရှုံးနစ်နာနေပေမဲ့ စစ်အာဏာရှင်ကတော့ ပြည်သူတွေဆီ ကူညီထောက်ပံ့မှုတွေ ထိထိရောက်ရောက် လုပ်တာမရှိဘဲ ဟန်ပြသက်သက်ကူညီပေးနေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။











