
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှာ အာရက္ခတပ်တော် (AA) နဲ့ စစ်အာဏာရှင်တပ်တို့အကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတဲ့အတွက် စစ်ရှောင်ဦးရေ ၅၀,၀၀၀ ကျော်အထိ မြင့်လာပြီး ရက်ပိုင်းအတွင်းမှာပဲ တိုက်ပွဲတွေကြောင့် ထောင်နဲ့ချီတဲ့ စစ်ရှောင်တွေ တိုးလာနေပါတယ်။
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလလယ်မှာ စတင်ခဲ့တဲ့ ကျောက်ဖြူတိုက်ပွဲဟာ တနှစ်ကျော်လာတဲ့အထိ ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး တိုက်ပွဲဧရိယာလည်း ကျယ်ပြန့်လာနေပါတယ်။
စစ်အာဏာရှင်တပ်ရဲ့ လေကြောင်း၊ ရေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ကျောက်ဖြူမြို့နယ်၊ ကျေးရွာပေါင်း ၁၁၀ ကျော်က ပြည်သူတွေ စစ်ဘေးတိမ်းရှောင်နေရပြီး လက်ရှိမှာ စစ်ရှောင်ဦးရေဟာ ၅၀,၀၀၀ ကျော်အထိ ရှိပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက်ကစပြီး တိုက်ပွဲတွေ ပိုမိုပြင်းထန်လာတဲ့အတွက် နောက်ထပ် ဒေသခံ ၅,၀၀၀ ကျော်ဟာ ထပ်မံတိမ်းရှောင်လာရပြီး အရေးပေါ် စားနပ်ရိက္ခာ အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသတွင်း စစ်ရှောင်အရေး ကူညီနေတဲ့ ဇင်ချောင်းပရဟိတလူငယ်အသင်း ဥက္ကဋ္ဌက ပြောပါတယ်။
“ကျောက်ဖြူဆိုတာက နယ်မြမလုံခြုံတဲ့ အတိုင်းအတာ အများကြီးရှိနေတယ်။ ဘာလို့ဆို တိုက်ပွဲဖြစ်နေတဲ့ မြို့ဆိုတော့ ကြည်း၊ ရေ၊ လေ လက်နက်ကြီး အန္တရာယ်တွေကတော့ တောက်လျှောက်ရှိတဲ့နယ်မြေ ဆိုတဲ့အခါကျတော့ နွေဖြစ်ဖြစ် မိုးဖြစ်ဖြစ် အခက်အခဲရှိကြပါတယ်။ ဒီ ကျောက်ဖြူ စစ်ရှောင်အခင်းအကျင်းက လက်ရှိမှာ ၅၀,၀၀၀ ကျော်လောက် ရှိသွားတဲ့အခါကျတော့ လိုအပ်ချက်တွေက အများကြီးရှိပါတယ်။ လက်ရှိ အရေးပေါ် လိုအပ်နေတာကျတော့ စခန်း ၈ နေရာနဲ့ ရမ်းဗြဲမြို့နယ်ဘက်က တိုက်နယ် ၂ ခုက လူဦးရေ ၅,၁၀၀ ဝန်းကျင်လောက် ရှိပါတယ်။ အဲဒါကို ဒီ ၉ လပိုင်းကုန်လောက်မှာ ဖြေရှင်းနိုင်မှပဲ နောက် တလ၊ နှစ်လစာလောက် စစ်ရှောင်တွေရဲ့ ဝမ်းရေးအတွက် ဖူလုံနိုင်ပါမယ်။”
တဖက်မှာလည်း စစ်ရှောင်တွေရဲ့ အဓိကပြဿနာကတော့ ဒေသတွင်း စားနပ်ရိက္ခာ ရှားပါးမှုနဲ့ ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို အဆိုးရွားဆုံး ရင်ဆိုင်နေကြရတာပါ။
စစ်ရေးပဋိပက္ခတွေကြောင့် ဒေသတွင်း လယ်ယာစိုက်ပျိုးမှုတွေ ရပ်ဆိုင်းသွားတာကြောင့် ဆန်ကြမ်းတပြည်ကို အရင်က ၃,၀၀၀ ကျပ်ကနေ အခုအခါ ၆,၀၀၀ ကျပ်အထိ နှစ်ဆနီးပါး ဈေးတက်သွားပါတယ်။
တချို့နေရာတွေမှာ ငွေကြေးရှိရင်တောင် ဆန်ဝယ်ဖို့ အခက်အခဲတွေ ရှိနေတယ်လို့ ဒေသခံတွေနဲ့ ဒေသတွင်း ကူညီပေးနေသူတွေက ပြောပါတယ်။
စစ်ဘေးကြောင့် အရေးပေါ်ပြောင်းရွှေ့လာခဲ့ရတဲ့ စစ်ဘေးရှောင် အမျိုးသမီးတယောက်ကလည်း ပြည်ပရောက် ရခိုင်လူမျိုးတွေနဲ့အတူ စေတနာရှင်တွေအားလုံးကို စားနပ်ရိက္ခာ ကူညီပေးကြဖို့ တောင်းဆိုထားပါတယ်။
“အိမ်တအိမ်မှာ မိသားစုဝင် ၇ ယောက်၊ ၈ ယောက် ရှိတဲ့သူတွေဆို ပိုပြီး အခက်အခဲ ဖြစ်နေကြပါတယ်။ ဒါကြောင့်မို့လို့ တလမှာ တကြိမ်လောက် မဖြစ်မနေပေါ့နော်၊ တလကို ဆန် ၅ တောင်း (ဒေသအခေါ်) လောက်ဖြစ်ဖြစ် ထောက်ပံ့ပေးစေချင်ပါတယ်လို့ ပြောချင်ပါတယ်။ ဘယ်လို လွတ်လပ်မှုကို ရချင်လဲဆိုတော့ ညီမက စစ်ဘေးရှောင်လာတာ ၃ လလောက် ရှိနေပါပြီ။ အိမ်ကိုပဲ အမြန်ဆုံး ပြန်ချင်ပါတယ်။”
လက်ရှိမှာ ကျောက်ဖြူတိုက်ပွဲကြောင့် အရေးပေါ် စစ်ဘေးတိမ်းရှောင်လာရတဲ့ စစ်ရှောင်ဦးရေ ၅,၁၀၀ အတွက် စားနပ်ရိက္ခာ၊ နေရာထိုင်ခင်းနဲ့ ဆေးဝါးတွေ အရေးတကြီး လိုအပ်နေပါတယ်။
တဖက်မှာလည်း ကျောက်ဖြူတိုက်ပွဲတွေအတွင်း စစ်အာဏာရှင်တပ်ဖွဲ့တွေဟာ အာရက္ခတပ်တော် (AA) ကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေပေမဲ့ မြေပြင်မှာတော့ အထိနာနေတယ်လို့ သိရပါတယ်။
ကေခိုင်











