DVB Logo
Home
မြန်မာသတင်း
တက္ကသိုလ်ဝင် ဘာသာရပ် စွမ်းရည်မြှင့်သင်တန်း မုံရွာတက္ကသိုလ်တွင် ပြုလုပ်
DVB
·
July 7, 2018
တက္ကသိုလ်ဝင် ဘာသာရပ် စွမ်းရည်မြှင့်သင်တန်း မုံရွာတက္ကသိုလ်တွင် ပြုလုပ်
Donate to DVB

မုံရွာတက္ကသိုလ်ကနေ ဦးဆောင်ကာ စစ်ကိုင်းတိုင်းအတွင်းက ခရိုင် ၃ ခရိုင်မှာ ရှိတဲ့ အထက်တန်းပြ ဆရာ/ ဆရာမ ၁၅၀၀ ကျော်ကို တက္ကသိုလ်ဝင် စာမေးပွဲ မေးခွန်းပုံစံသစ် ပြောင်းလဲတာနဲ့ပတ်သက်ပြီး စွမ်းရည်မြှင့်သင်တန်းနှင့် ဆွေးနွေးပွဲကို ဇူလိုင်လ ၇ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။

ဒီသင်တန်းဆွေးနွေးပွဲဖွင့်ပွဲကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က ဝန်ကြီးတွေ၊ လွှတ်တော်ဒုဥက္ကဋ္ဌနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ စစ်ကိုင်းတိုင်းပညာရေးဌာန တာဝန်ရှိသူတွေ၊ မုံရွာတက္ကသိုလ်က ပါမောက္ခချုပ်နှင့် တာဝန်ရှိသူတွေ၊ ကိုယ်ပိုင်ကျောင်းနဲ့ ခန္တီးခရိုင်၊ ယင်းမာပင်ခရိုင်၊ မုံရွာခရိုင်က အထက်တန်းပြဆရာ/ဆရာမ ၁၆၂၉ ဦးတို့ တက်ရောက်ခဲ့ကြပါတယ်။

ဒီဆွေးနွေးပွဲမှာ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတု၊ ရူပ၊ ဇီဝ၊ ပထဝီ၊ သမိုင်း၊ ဘောဂ စတဲ့ဘာသာရပ် ၉ ခုကို ဇူလိုင်လ ၇ ရက်နေ့ကနေ ၉ ရက်နေ့ထိ ၃ ရက်ကြာ ရှင်းလင်းဆွေးနွေး ကြမှာဖြစ်ပါတယ်။

“ပညာရေးစနစ်မြှင့်တင်ရေးအတွက် ကလေးတွေဟာ အလွတ်ကျက်မှတ်တဲ့ စနစ်ကနေပြီးတော့ စဉ်းစားတွေးခေါ်နိုင်တဲ့ စနစ်ကို ရောက်ရှိဖို့ရာအတွက် စဉ်းစားတွေးခေါ်နိုင်တဲ့ မေးခွန်းပုံစံတွေကို ပြောင်းမှဖြစ်မယ်။ ဒါကြောင့်မို့ ၂၀၁၇ ခုနှစ် ဧပြီလကစပြီးတော့ သင်ရိုးညွှန်းတမ်းထဲမှာ ပါတဲ့စာပဲ။ သို့သော်လည်း အလွတ်ကျက်မှတ်တဲ့ မေးခွန်းမျိုးမဟုတ်ဘဲနဲ့ စဉ်းစားတွေးခေါ်နိုင်တဲ့ မေးခွန်းများကို ဖြေဆိုနိုင်ဖို့ရာအတွက် ဒီမေးခွန်းတွေကို လေ့ကျင့်ပျိုးထောင်ပြီးမှ ကလေးတွေက တကယ်တွေးခေါ်တဲ့ နည်းတွေ၊ ကြံဆတဲ့နည်းတွေ၊ ကျက်မှတ်တဲ့နည်းတွေ သိအောင်လို့ ဒီမေးခွန်းပုံစံသစ်တွေ ပြောင်းလဲထားခြင်းဖြစ်တယ်” လို့ မုံရွာတက္ကသိုလ် ဒုတိယပါမောက္ခချုပ်လည်းဖြစ်၊ တက္ကသိုလ်ဝင်တန်း ကိစ္စအဝဝကို တာဝန်ယူထားရတဲ့ သူလည်းဖြစ်တဲ့ ဒေါက်တာ စိန်စိန်အောင်က ဒီဗွီဘီကိုပြောပါတယ်။

ဒီမေးခွန်းပုံစံသစ်ကို အခုပညာသင်နှစ် ၂၀၁၉ ခုနှစ်၊ မတ်လမှာဖြေဆိုမယ့် တက္ကသိုလ်ဝင်စာမေးပွဲမှာ စတင်ကျင့်သုံးမှာဖြစ်ပါတယ်။

သင်ရိုးညွှန်းတမ်းထဲမှာပါတဲ့ စာတွေကိုပဲမေးတာဖြစ်သလို၊ အရင်မေးခွန်းနဲ့ အများကြီးပြောင်းလဲမှု မရှိတဲ့အတွက် ကလေးတွေအတွက် အခက်အခဲသိပ်မရှိနိုင်ဘူးလို့ ဆိုပါတယ်။

ဂုဏ်ထူးရချင်သူတွေ အတွက်ကတော့ အရင်အတိုင်း သင်ရိုးကုန် လေ့လာမှတ်သားရမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

ဒီမေးခွန်းပုံစံသစ်တွေကို သတင်းစာတွေမှာလည်း ထည့်သွင်းဖော်ပြထားသလို ပညာရေးဝန်ကြီးဌာန ဝက်ဆိုက်စာမျက်နှာတွေမှာလည်း သွားရောက်ကြည့်ရှုလေ့လာနိုင်ဖို့ ဖော်ပြထားပါတယ်။

အခုလို မေးခွန်းပုံစံပြောင်းလဲတာကို စစ်ကိုင်းတိုင်းအပြင် အခြားတိုင်းနှင့်ပြည်နယ် တွေမှာလည်း သင်တန်းတွေပို့ချသွားမယ်လို့ သိရပါတယ်။

ဒါပေမယ့် စစ်ကိုင်းတိုင်းအနေနဲ့ ထူးခြားတာကတော့ စာစစ်မှုးချုပ်တွေကိုယ်တိုင် သင်တန်းပို့ချတာဖြစ်လို့ ပိုပြီးပြည့်စုံမယ်လို့ မျှော်လင့်ထားပါတယ်။

မုံရွာတက္ကသိုလ်အနေနဲ့ စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်ကို တာဝန်ယူရမှာဖြစ်ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ခရိုင် ၃ ခုကိုသာ ရွေးချယ်ပြီး သင်တန်းပေးတာဖြစ်ပြီး အခြားခရိုင်တွေအတွက် လိုအပ်ပါကလည်း ဆက်လက်သင်တန်းတွေ ပြုလုပ်ပေး သွားနိုင်အောင် စီစဉ်ထားပါတယ်။

အခုမေးခွန်းပုံစံပြောင်းလဲလာတာကို အများစုကို လက်ခံကြိုဆိုကြပြီး အခြေခံကို ပိုင်နိုင်တဲ့ကျောင်းသားတွေအတွက် အခက်အခဲမရှိနိုင်ဘူးလို့ သုံးသပ်မှုတွေရှိပါတယ်။

“ပြောင်းတာကောင်းပါတယ်။ ဆရာ/ဆရာမတွေအတွက်တော့ သိပ်ပြီး ခက်ခက်ခဲခဲ မရှိနိုင်ဘူး။ ကျောင်းသားအနေနဲ့လည်း အခြေခံပိုင်ပိုင်နိုင်နိုင်မရှိတဲ့ ကျောင်းသူ/ကျောင်းသား တွေဆိုရင် အခက်အခဲရှိလာနိုင်တယ်။ အခြေခံပိုင်နိုင်ပြီးသား ကျောင်းသူ/ကျောင်းသား အတွက်ကတော့ ဘယ်လိုမေးခွန်းပဲပြောင်းပြောင်း အခက်အခဲရှိမှာ မဟုတ်ဘူး။”လို့ SEC ကိုယ်ပိုင်အထက်တန်းကျောင်းအုပ် ဦးသိန်းဇော်ကလည်း ပြောပါတယ်။

ဘာသာရပ် ၉ ခုမှာ မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ဇီဝဗေဒ ဘာသာရပ်တွေမှာ သိသိသာသာ ပြောင်းလဲတာတွေရှိပြီး ကျန်တဲ့ဘာသာရပ်တွေမှာတော့ မသိမသာပြောင်းလဲထားတာကို တွေ့ရတယ်လို့လည်းဆိုပါတယ်။

ဝိဇ္ဇာဘာသာတွဲကတော့ ကျောင်းသားမရှိတဲ့အတွက် သေသေချာချာ မလေ့လာမိသေးဘူးလို့ ဆိုပါတယ်။

အချို့ကတော့ အပေါ်ယံတင် ပြောင်းလဲတာမျိုး မဟုတ်ဘဲ အောက်ခြေပါ ပါလာအောင် လုပ်ဆောင်ဖို့ လိုတယ်လို့လည်း ဝေဖန်သုံးသပ်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013