
ရန်ကုန်၊ အင်းစိန်အကျဉ်းထောင်တွင်းက နိုင်ငံရေးအကျဉ်းသားတွေက စစ်အာဏာရှင်ဩဇာခံ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဆီကို ရေးသားတဲ့ တိုင်ကြားစာတွေကို အင်းစိန် ထောင်ဝန်ထမ်းတွေက ဆုတ်ဖြဲပစ်တယ်လို့ ထောင်တွင်းသတင်းရင်းမြစ်က ပြောပါတယ်။
အင်းစိန်အကျဉ်းထောင်တွင်းကို ကော်မရှင်တာဝန်ရှိသူတွေ ဇွန်လအတွင်းမှာ လာရောက်ဖို့ရှိလို့ ထောင်တွင်းအခြေအနေတွေကို အကျဉ်းသားတွေအနေနဲ့ ရေးသားနိုင်ကြောင်း ပြောဆိုခဲ့တာကြောင့် ကြုံတွေ့နေရတဲ့ အခြေအနေတွေကို အကျဉ်းသားတွေက စာရေးတိုင်ကြားဖို့ ကြိုးပမ်းခဲ့တာပါ။
ဒီလို ရေးသားပြီးသားစာရွက်တွေကို ထောင်ဝန်ထမ်းတွေကိုယ်တိုင်ပဲ ဆုတ်ဖြဲပစ်လိုက်တာလို့ နီးစပ်တဲ့ ထောင်တွင်းသတင်းရင်းမြစ်က DVB ကို ပြောပါတယ်။
ဒီလိုတိုင်ကြားစာတွေ ရေးသားပြီးတိုင်းလည်း ထောင်တွင်းမှာ နိုင်ငံရေးအကျဉ်းသားတွေကို ပိုပြီး ဖိနှိပ်မှုတွေ လုပ်လေ့ရှိတယ်လို့လည်း ဆိုပါတယ်။
စစ်အာဏာရှင်ခန့် လူ့အခွင့်အရေးကော်မရှင်က ဥက္ကဋ္ဌ ဦးသစ်လင်းအုန်း၊ ကော်မရှင်အဖွဲ့ဝင်တွေက ဇွန် ၂၆ ရက်မှာ ရန်ကုန် အင်းစိန်အကျဉ်းထောင်တွင်းကို ဝင်ရောက်စစ်ဆေးခဲ့ကြောင်းလည်း သတင်းထုတ်ပြန်ပါတယ်။
ကော်မရှင်အနေနဲ့ အကျဉ်းထောင်တွေအတွင်းကို မကြာခဏ ဝင်ရောက်စစ်ဆေးလေ့ရှိပေမဲ့ စစ်တပ် အာဏာသိမ်းကာလ တလျှောက်မှာ နိုင်ငံရေးအကျဉ်းသားတွေဟာ ဘက်ပေါင်းစုံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ခံနေကြရပါတယ်။
Myanmar Prisons Witness (MPW) ရဲ့ စာရင်းကောက်ယူချက်တွေအရ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးချိန်ကစပြီး နိုင်ငံတဝန်းက အကျဉ်းထောင် ၃၅ ခုက နိုင်ငံရေးအကျဉ်းသား ၂၈၂ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အဲဒီထဲမှာ ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာ မရလို့ သေဆုံးခဲ့တဲ့ နိုင်ငံရေးအကျဉ်းသား ၁၄၈ ယောက်၊ ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ခံရလို့ ကျဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား ၇၁ ယောက်၊ သဘာဝဘေးအန္တရာယ်ကြောင့် ကျဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား ၅၉ ယောက်နဲ့ သေဒဏ်ကျခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား ၄ ယောက် ရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။











