
ရန်ကုန်တိုင်းအတွင်း ဆိုင်ကယ်တွေကို ဘေးတွဲပြောင်းအသုံးမပြုဖို့ ခံဝန်ရေးထိုးခိုင်းပြီး မလိုက်နာပါက ထောင် ၃ နှစ်နဲ့ ငွေဒဏ်ပါချနိုင်တဲ့ မော်တော်ယာဥ်စီမံခန့်ခွဲမှုဥပဒေနဲ့ အရေး ယူမယ်လို့ စစ်အာဏာရှင်အစိုးရ ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာနက (ကညန) သတိပေးထားတယ်လို့ လိုင်စင်အကျိုးဆောင်လုပ်ငန်းလုပ်ကိုင်သူတွေဆီက သိရပါတယ်။
ရန်ကုန်မှာ ဆိုင်ကယ်စီးခွင့်ပြုထားတဲ့မြို့နယ်တွေက ဆိုင်ကယ်လိုင်စင်သက်တမ်းတိုးဆောင် ရွက်သူတွေကို ဇူလိုင် ၁ ရက်ကစပြီး ဘေးတွဲအသုံးမပြုကြောင်း ခံဝန်ကတိ ရေးထိုးခိုင်းနေတာလို့ ဆိုပါတယ်။
ကညနလိုင်စင်အကျိုးဆောင်တယောက်က “ဆိုင်ကယ်သမားတွေ ဖိအားစပေးတာ၊ ဘေးတွဲပြောင်းပြီးတဲ့ ဘီးတွေ နောက်ဆက်တွဲ ထပ်ကြပ်မယ်ထင်တယ်” လို့ ပြောပါတယ်။
ကညနရဲ့ ခံဝန်ကတိပြုခိုင်းတဲ့ စာထဲမှာ လိုက်နာဆောင်ရွက်ခြင်းမရှိပါက ၂၀၂၀ မော်တော်ယာဥ်စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၉၅၊ ၉၆ နဲ့ အရေးယူခံရမယ်လို့ ဖော်ပြထားပါတယ်။
၂၀၂၀ မော်တော်ယာဥ်စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၉၅ မှာ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ပါက ၃ နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်နိုင်ပြီး ပုဒ်မ ၉၆ မှာ ကျပ် ၃၀၀၀၀ ထက်မပိုတဲ့ ဒဏ်ငွေချနိုင်တယ်လို့ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက ရန်ကုန်တိုင်းလွှတ်တော်အတုမှာ ဘေးတွဲဆိုင်ကယ်တွေကို လိုင်စင်ချပေးဖို့မရှိကြောင်း ပြောဆိုခဲ့ပြီးနောက် အခုလို ဆိုင်ကယ်တွေကိုပါ ခံဝန်ကတိပြု ခိုင်းလာခဲ့တာဖြစ်ပါတယ်။
ရန်ကုန်တိုင်းအတွင်း မြို့နယ် ၃၁ မြို့နယ်မှာ ဆိုင်ကယ်စီးခွင့်တားမြစ်ထားပြီး စီးခွင့်ပြုထားတဲ့ ၁၄ မြို့နယ်မှာ ဆိုင်ကယ်စီးရေ ၃ သိန်းခွဲလောက်ကို လိုင်စင်ထုတ်ပေးထားတယ်လို့ ကညနမှတ်တမ်းတွေအရ သိရပါတယ်။
ဆိုင်ကယ်စီးခွင့်ကို တားမြစ်ထားပေမဲ့ ရန်ကုန်မြို့မှာ သွားလာရအလှမ်းဝေးတာကြောင့် စီး နင်းအသုံးပြုနေရပြီး နောက်ပိုင်းမှာ ဘေးတွဲအဖြစ် ပြောင်းလဲအသုံးလာခဲ့ကြတာဖြစ်ပါတယ်။
ဘေးတွဲတွေကို တရားဝင်လိုင်စင်ထုတ်ပေးဖို့ ငြင်းဆန်ထားပေမဲ့ စစ်အုပ်စုက ရပ်ကွက်တွေမှာဖွဲ့ထားတဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့ထဲဝင်တဲ့သူတွေကို ဘေးတွဲစီးခွင့်ပေးပြီး အလှည့်ကျလုံခြုံရေးကိစ္စတွေလုပ်ခိုင်းတာ၊ ဧည့်စာရင်း စစ်ရင်ခေါ်သုံးတာတွေ လုပ်ဆောင်နေပါတယ်။










