
မကွေးတိုင်း၊ ပေါက်မြို့နယ်နဲ့ မြိုင်မြို့နယ်အစပ်က ရေနံမှော်တွေအနီး တဲကြီးရွာမှာတပ်စွဲထားတဲ့ စစ်အာဏာရှင်တပ်တွေကို ဒေသကာကွယ်ရေးအဖွဲ့တွေက အောက်တိုဘာ ၁၃ ရက်ကစပြီး ဖိအားပေးတိုက်ခိုက်နေပါတယ်။
တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေပြီး စစ်အာဏာရှင်တပ် လက်နက်ကြီးအထိုင်တခု ပျက်စီးတဲ့အထိ ဒေသကာကွယ်ရေးအဖွဲ့တွေဘက်က အသာစီးယူထားနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသကာကွယ်ရေးအဖွဲ့တွေက ထိုးစစ်ဆင်တာနဲ့တပြိုင်တည်း အောက်တိုဘာ ၁၄ ရက် နေ့လယ်ပိုင်းမှာ စစ်အာဏာရှင်တပ်က လေယာဉ် ၆ စီးနဲ့ မြိုင်မြို့နယ် ဆိတ်သတ်၊ ဝကြီးတော၊ ကုန်းရွာ၊ ဘူကင်းချိုင်၊ ဝက်ပုတ်၊ သာကောင်း စတဲ့ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။
လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဒေသတွင်းပြည်သူ ၁,၅၀၀ ဝန်းကျင် ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်ခဲ့ရ ပါတယ်။
မြိုင်နယ် ရေနံမှော်တွေကို ထိန်းချုပ်ဖို့ စစ်အာဏာရှင်တပ်က အင်အား ၅၀၀ ၀န်းကျင်နဲ့ ဇွန်လဆန်းပိုင်းမှာ စတင်စစ်ကြောင်းထိုးခဲ့တာဖြစ်ပြီး တဲကြီးကျေးရွာမှာ အချိန် ၂ လနီးပါး တပ်စွဲ ထားတာပါ။
စစ်အာဏာရှင်တပ်တွေဟာ မြိုင်နယ်ပတ်ခြာလည်မှာ အင်အားဖြည့်တင်းနေတာဖြစ်ပြီး မြိုင်နယ် မြောက်ပိုင်း စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်ဘက်ခြမ်းမှာ အင်အား အများအပြား အသုံးပြုနေတာကြောင့် လမ်းပန်းဆက်သွယ်ရေးအားလုံး ပိတ်ဆို့လုနီးပါး ဖြစ်နေ ပါတယ်။
မြိုင်နယ်ဒေသခံတယောက်က “တဲကြီးမယ် ဝင်ဖြိုတာက လက်နက်ကြီးတလက်တော့ ပြုတ်ကျ သွားတယ်။ တိုက်ပွဲကဖြစ်တုန်းဆိုတော့ သူတို့ အခြေအနေကောင်းရင် ဖြစ်တာပေါ့ဗျာ။ လမ်းတွေ ပိတ်နေတယ်ဆိုတာ ဟိုတနေ့က ဝင်ယူတာတွေကများလှပြီဗျာ။ ပုလဲက အင်အားများနေတယ်။ အကုန်ယူတာပေါ့ကွာ ပစ္စည်းတွေဘာတွေ။ ဇေတရုံ၊ ကုက္ကိုစု၊ ရွာထင်တို့ပေါ့ ပတ်ခြာလည် ၄-၅ ရွာတော့ အကုန်ပတ်ယူနေတာ”လို့ ပြောပါတယ်။
အောက်တိုဘာ ၁၄ ရက် မနက်ပိုင်းမှာ မြိုင်မြို့နယ်တောင်ပိုင်း စက်မှု -၂ အထိုင်စခန်းကို Mi17 ရဟတ်ယာဉ် ၂ စင်းနဲ့ စစ်အာဏာရှင်တပ်က အင်အားဖြည့်ထားပြီး မြိုင်နဲ့ပေါက်နယ်အစပ် တဲကြီး ကျေးရွာမှာ ရောက်နေတဲ့ စစ်ကြောင်းကို အင်အားဖြည့်တာဖြစ်နိုင်တယ်လို့ ဒေသခံတွေက မှတ်ချက် ပေးပါတယ်။
အောက်တိုဘာ ၁၅ ရက်မှာတော့ တဲကြီးရွာအနီးကို စစ်အာဏာရှင်တပ်က Y8 လေယာဉ်နဲ့ လက်နက်၊ ရိက္ခာတွေချပေးခဲ့တယ်လို့ သိရပါတယ်။
မြိုင်နယ်ဒေသခံတယောက်က “မြိုင်ဘက် စစ်ကြောင်းကို နည်းနည်း တဖက်တချက်နေထားတယ်။ တဲကြီးကိုရောက်နေတဲ့စစ်ကြောင်း၊ တခြမ်းစီနေနေတယ်။ PDF နဲ့ စစ်သားတွေနဲ့။ ရေနံတွင်းတွေက တဲကြီးပတ်ခြာလည် ဖျက်ဆီးထားတာတွေရှိတယ်။ အခုရက်ပိုင်းက သူတို့ မဖျက်စီးနိုင်ဘူး။ သူတို့ထိတွေ့မှု ခဏခဏဖြစ်နေတာဆိုတော့”လို့ ပြောပါတယ်။
ပေါက်နဲ့ မြိုင်နယ်အစပ်က ရေနံမှော်တွေကို ဒေသကာကွယ်ရေးအဖွဲ့တွေက ၂၀၂၄ မတ်လကတည်း က ထိန်းချုပ်ခဲ့တာပါ။
မကွေးဒေသတွင်းတော်လှန်ရေးအစုအဖွဲ့တွေရဲ့ အဓိကဝင်ငွေရလမ်းဖြစ်တယ်လို့ယူဆတာကြောင့် စစ်အာဏာရှင်တပ်က ရေနံမှော်ဒေသကို ပြန်မထိန်းချုပ်နိုင်ရင်တောင် ရေနံလုပ်ကွက်တွေကို ဖျက်ဆီးနိုင်ဖို့ အားထုတ်နေတာဖြစ်ပါတယ်။
စက်တင်ဘာလကုန်ပိုင်း စစ်အာဏာရှင်တပ်ရဲ့ထုတ်ပြန်ချက်မှာ မကွေးတိုင်း၊ ပခုက္ကူခရိုင်ထဲက ရေနံလုပ်ကွက် ၈၀၀ ကျော်ကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဇွန်လဆန်းပိုင်းကစပြီး မြိုင်နယ်ထဲကိုဝင်ရောက်ခဲ့တဲ့စစ်ကြောင်းဟာ ဒေသတွင်းကျေးရွာတွေကို ဝင်ရောက်ပစ်ခတ် မီးရှို့ဖျက်ဆီးတာကြောင့် နေအိမ် ၃၀၀ ကျော်ပျက်စီဆုံးရှုံးပြီး အရပ်သား ၃၀ နီးပါးသေဆုံးခဲ့တယ်လို့ သတင်းမှတ်တမ်းတွေက ဖော်ပြပါတယ်။
သုတချမ်းသာ











