DVB Logo
Home
Lead Story
အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး အပြောင်းအလဲလုပ်
DVB
·
November 10, 2026
Photo: CINCDS
Photo: CINCDS
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အေးမင်းဦး နေရာမှာ ဗိုလ်မှူးချုပ်အောင်ကိုသွင်ကို ကာကွယ်ရေးဦးစီးချုပ်က ပြောင်းရွှေ့ခန့်ထားလိုက်ပါတယ်။

အမှတ် ၁၂ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်က စကခမှူးဖြစ်တဲ့ DSA ၄၂ ကျောင်းဆင်း ဗိုလ်မှူးချုပ်အောင်ကိုသွင်ကို အောက်တိုဘာလကုန်ပိုင်းက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့တာလို့ နေပြည်တော် စစ်ရေးသတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။

“စကခ ၁၂ ကနေ ရာထူးတိုးပြီး ရမခ တိုင်းမှူး ဖြစ်လာတာ၊ DSA ၄၂ ကျောင်းဆင်းထဲမှာဆို အရင်က လပခနဲ့ ရတခပဲ ရှိတာ။ အခုဆို ၃ ယောက် ဖြစ်သွားပြီ။”

DSA ၄၂ ကျောင်းဆင်း တိုင်းမှူးတွေဟာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်အောင်ဌေး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဗိုလ်ချုပ်သူရဇော်လွင်စိုးနဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်အောင်ကိုသွင်တို့ ဖြစ်ပါတယ်။

အလုပ်သင်ဗိုလ် OTS ၉၄ ကျောင်းဆင်း ဗိုလ်ချုပ်အေးမင်းဦးကို တိုင်းမှူးကနေ ဖယ်ရှားလိုက်တဲ့ အပေါ်မှာလည်း တပ်တွင်းဝေဖန်မှုတွေ ရှိပါတယ်။

အငြိမ်းစား စစ်တပ်အရာရှိတယောက်က “တပ်ချုပ်က OTC က လာတာဆိုတော့ OTC ကျောင်းဆင်းတွေကို တိုင်းမှူးနေရာပေးတယ်။ ဒုချုပ်က DSA က လာတာဆိုတော့ DSA တွေ နေရာပေးတယ်။ ဒါကိုကြည့်ရင် အလုပ်သင်ဗိုလ် OTS ကျောင်းဆင်းက နေရာမရတော့ဘူး ဆိုတဲ့သဘော” လို့ ဝေဖန်ပြောပါတယ်။

OTC လို့ခေါ်တဲ့ တိုက်ခိုက်ရေးသင်တန်းကျောင်း (ဗထူး) ကနေ ကျောင်းဆင်းပြီး တိုင်းမှူးဖြစ်လာသူတွေမှာ ကမ်းရိုးတန်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ရဲဝင်းအောင် (OTC ၂၈)၊ တြိဂံတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ကျော်စွာထွန်း (OTC ၂၆)၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်ထွေး (OTC ၂၄) တို့ ဖြစ်ပါတယ်။

ကျန်တိုင်းမှူး ၁၁ ယောက်ကို DSA ၄၁ က ၇ ယောက်၊ DSA ၄၂ က ၃ ယောက်နဲ့ DSA ၄၃ က ၁ ယောက်တို့ကို ခန့်ထားတာပါ။

စစ်တပ်အာဏာသိမ်းပြီးနောက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနေရာကို ဗိုလ်ချုပ်လှမိုး၊ ဗိုလ်ချုပ်နိုင်နိုင်ဦး၊ ဗိုလ်ချုပ်စိုးတင့်၊ ဗိုလ်ချုပ်စိုးလှိုင်၊ ဗိုလ်ချုပ်မြင့်ကျော်ထွန်း၊ ဗိုလ်ချုပ်အေးမင်းဦးနဲ့ ဗိုလ်မှူးချုပ်အောင်ကိုသွင် တို့ကို ပြောင်းလဲခန့်ထားခဲ့ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013