
စစ်အာဏာရှင်တပ်က ပြန်လည်ထိန်းချုပ်လိုက်တဲ့ စစ်ကိုင်းတိုင်း အထက်ပိုင်း ထီးချိုင့်မြို့ကို မေ ၉ ရက်မှာ ဌာနဆိုင်ရာတွေ ပြန်ဝင်လာပြီလို့ ဒေသခံတွေဆီက သိရပါတယ်။
ထီးချိုင့်မြို့ကို ပြီးခဲ့တဲ့ မတ် ၁၇ ရက်မှာ စစ်တပ်က ပြန်လည်ရယူသွားပြီးနောက် တလကျော်အကြာမှာပဲ စစ်တပ်ရဲ့ အုပ်ချုပ်မှုယန္တရားတွေဖြစ်တဲ့ ရုံးတွေ ပြန်လည်ဖွင့်လှစ်နိုင်ဖို့၊ စာသင်ကျောင်းတွေ၊ ဆေးရုံတွေ ပြန်လည်ဖွင့်လှစ်နိုင်ဖို့ ဝန်ထမ်း ၁၃၈ ယောက်ကို ပို့ဆောင်လိုက်တာလို့ သိရပါတယ်။
ထီးချိုင့်မြို့ ဒေသခံတယောက်က “စစ်တပ်ဘက်က အုပ်ချုပ်ရေးပြန်လုပ်ဖို့ ထွေအုပ် ဝန်ထမ်းတွေကို စစ်ကားတွေနဲ့ ပို့လာတာ။ စာသင်ကျောင်းတွေ ပြန်ဖွင့်ပေးမယ်လို့ ပြောတယ်။ ဆေးရုံ၊ ဆေးခန်းတွေလည်း ပါတာပေါ့။ လမ်းတွေပျက်သွားတာ၊ အဆောက်အအုံတွေ ပြုပြင်တာတွေလည်း လုပ်မယ်လို့ ပြောတယ်” လို့ DVB ကို ပြောပါတယ်။
ထီးချိုင့်မြို့နယ်ကို တော်လှန်ရေးတပ်တွေ ထိန်းချုပ်ချိန်က စစ်တပ်ရဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေဟာ စစ်ကိုင်းမြို့ကို ထွက်ပြေးတိမ်းရှောင်သွားကြတာဖြစ်ပြီး ပြန်ပို့ခံရတဲ့ ဝန်ထမ်း ၁၃၈ ယောက်နဲ့ မှီခိုသူ ၄၄ ယောက်ကို စစ်တပ်ဘက်က ကူညီထောက်ပံ့ရေးပစ္စည်းတွေ ပေးတယ်လို့ ဆိုပါတယ်။
အဲဒီအပြင် မန္တလေး - မတ္တရာ - သပိတ်ကျင်း - တကောင်း - ထီးချိုင့် - ကသာ - အင်းတော် - မော်လူး - နန့်စီးအောင် - မိုးညှင်း - မိုးကောင်း - မြစ်ကြီးနား လမ်းတလျှောက်ကို စစ်တပ်ဘက်က ထိန်းချုပ်လိုက်တာကြောင့် မန္တလေး – ထီးချိုင့် – မြစ်ကြီးနား လမ်းပိုင်းကိုလည်း ပြန်ဖွင့်ပေးထားပြီလို့ သိရပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ထီးချိုင့်မြို့ကို ပြန်လည်ရယူပြီးနောက် ကသာမြို့ကနေတဆင့် အင်းတော်မြို့ကို ပြန်ထိန်းချုပ်လိုက်သလို ရက်ပိုင်းအကြာမှာပဲ မော်လူးမြို့ကို ဆက်လက်ရယူသွားတာကြောင့် မြစ်ကြီးနား – ထီးချိုင့် – မန္တလေးလမ်းကို ပြန်ဖွင့်လိုက်တာလို့ သိရပါတယ်။










