DVB Logo
Home
မြန်မာသတင်း
သာပေါင်းတွင် စစ်သားများက ယာဉ်များကို အဓမ္မချောဆွဲ၊ စစ်မှုထမ်းကြေး မထည့်နိုင်သူများကို ဖမ်းဆီး
DVB
·
June 21, 2026
Photo: KKL
Photo: KKL
Donate to DVB

ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်ထဲက တိုက်ပွဲတွေရှိနေတဲ့ကျေးရွာတွေမှာ စစ်အာဏာရှင် တပ်သားတွေက  အရပ်သားတွေရဲ့ယာဉ်တွေကို အဓမ္မ ချောဆွဲအသုံးပြုနေပြီး စစ်အာဏာရှင်ခန့် သင်္ကန်းပင်ဆိပ်ကျေးရွာအုပ်စုက အုပ်ချုပ်ရေးမှူးနဲ့ရဲတွေက စစ်မှုထမ်းထောက်ပံ့ကြေးထည့်ဖို့ ခက်ခဲနေတဲ့သူတွေကို ဖမ်းဆီးရိုက်နှက်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇွန် ၁၅ ရက်က စတင်ပြီး သာပေါင်းမြို့နယ်ထဲက သောင်တန်း၊ မရမ်းချို၊ ညောင်မှော်၊ ရွာသစ်၊ ကျောက်ခဲနီစတဲ့ ကျေးရွာတွေက ဘုန်းကြီးကျောင်းတွေ၊ ဓမ္မာရုံတွေမှာ ရောက်ရှိတပ်စွဲနေတဲ့ စစ်အာဏာရှင်တပ်သားတွေဟာ အရပ်သားတွေရဲ့ ကားတွေ၊ ဆိုင်ကယ်တွေနဲ့ သုံးဘီးဆိုင်ကယ်တွေကို အဓမ္မချောဆွဲ အသုံးပြုနေတာလို့ သိရပါတယ်။

ဒေသခံတယောက်က “သူတို့တပ်သားတွေက လိုအပ်တဲ့အချိန်လာယူသုံးတာ။ ဆီပါဖြည့် ပေးရသေးတယ်။ မဖြစ်မနေပေးနေရတာ။ မပျက်စီးသွားဖို့နဲ့ ယာဉ်ပြန်ပေးဖို့ပဲ ဆုတောင်း စောင့်နေရတာ။ ယာဉ်မပေးရင် အပြစ်ပေးတယ်ဆိုပြီး ရိုက်တာ” လို့ ပြောပါတယ်။

ဇွန် ၁၅ ရက်ကနေ ၁၇ ရက်အထိ စစ်အာဏာရှင်တပ်သားတွေကို ယာဉ်သုံးပြုခွင့် မပေးလိုကြောင်း ငြင်းမိသူ ၆ ယောက်ထက်မနည်းကို  ဖမ်းဆီးခေါ်ယူ ရိုက်နှက်ခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဉ်ကို သိရှိတဲ့သူတယောက်က “စစ်အာဏာရှင်တပ်က အရပ်သားတွေရဲ့ယာဉ်တွေကို စိတ်ကြိုက် ယူသုံးနေတာ။ ယာဉ်ပိုင်ရှင်တွေက ယာဉ်တွေပျက်စီးမှာ စိုးရိမ်တော့ လိမ်ညာပြောမိတာပေါ့နော်။ ပျက်စီးနေတယ်၊ ဘာညာပေါ့။ အဲဒါဆို အရိုက်ခံရရော” လို့ ပြောပါတယ်။

ရခိုင်ရိုးမအစပ်ကို စစ်ဆင်ရေးသွားဖို့အတွက် ကျုံပျော်၊ ဟင်္သာတ၊ ဓနုဖြူ၊ သာပေါင်း၊ အင်္ဂပူ (ကွင်းကောက်)တပ်တွေက စုပေါင်းထားတဲ့ တပ်သား အယောက် ၂၀၀ ကျော် ၃၀၀  ဝန်းကျင်လောက်ဟာ ကျေးရွာဘုန်းကြီးကျောင်းတွေ၊ ဓမ္မာရုံတွေနဲ့ ဘုရားစေတီတွေမှာ တပ်စွဲထားတယ်လို့ သိရပါတယ်။

သာပေါင်းမြို့နယ်၊ သင်္ကန်းပင်ဆိပ်ကျေးရွာအုပ်စုမှာတော့ အုပ်ချုပ်ရေးမှူးနဲ့ ရဲတွေက စစ်မှုထမ်းကြေးထည့်ဖို့ ခက်ခဲနေတဲ့သူတွေကို ဖမ်းဆီးရိုက်နှက်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် စစ်မှုထမ်းလစဉ်ကြေးထည့်ဖို့ ခက်ခဲသူတွေကို လက်အောက်ခံ ရဲနဲ့ ပူးပေါင်းပြီး ဖမ်းဆီးရိုက်နှက်နေတာလို့ ဆိုပါတယ်။

ကျေးရွာဒေသခံတယောက်က “လတိုင်းထည့်ရတော့ ခက်ခဲတာပေါ့။ အခုက စားဖို့တောင် မနည်းရှာဖွေနေရတာ။ ပျက်ကွက်ရလားဆိုပြီး အုပ်ကြီးက ရဲနဲ့ပေါင်း ဖမ်းဆီး ရိုက်နေတာ။ ထည့်ရတဲ့ငွေက နည်းနည်းမဟုတ်ဘူးလေ” လို့ ပြောပါတယ်။

စစ်မှုထမ်းထောက်ပံ့ကြေးအဖြစ် လစဉ် ငွေကျပ် ၁၀၀,၀၀၀ ကနေ ၁၅၀,၀၀၀ အထိ အဓမ္မကောက်ယူနေတာလို့ ဆိုပါတယ်။

သာပေါင်းမြို့နယ် ရဲတပ်ဖွဲ့နဲ့နီးစပ်သူတယောက်က “ငွေကိုမထည့်နိုင်တဲ့ အရပ်သားတွေကို ဘုရားကုန်းနယ်မြေရဲစခန်းက ရဲနဲ့ပေါင်းဖမ်းပါတယ်။ ရဲစခန်းရောက်တော့ ရိုက်နှက်ခံရတယ်။ ငွေထည့်ဖို့ တမင်မထည့်ချင်လို့ ငြင်းတာဆိုပြီး” လို့ပြောပါတယ်။

ဖမ်းခံရသူတွေကိုလည်း အနည်းဆုံး ကျပ် ၅ သိန်းထက်မနည်းပေးမှ ပြန်လွှတ်ပေးတယ်လို့သိရပြီး စစ်မှုထမ်းထောက်ပံ့ငွေ မထည့်ရင် စစ်မှုထမ်းစာရင်းထဲထည့်ပြီး စစ်မှုထမ်းဖို့ ဖမ်းခေါ်မယ်လို့ပါ ခြိမ်းခြောက်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013