DVB Logo
Home
မြန်မာသတင်း
မြန်မာ့ပညာရေးစနစ်၌ အော်တစ်ဇင်ကလေးငယ်များကိုသီးသန့်သင်ပေးသည့်ကျောင်းများ မရှိသေး
DVB
·
March 19, 2026
Photo: Myanmar Autism Association
Photo: Myanmar Autism Association
Donate to DVB

မြန်မာနိုင်ငံပညာရေးစနစ်မှာ အော်တစ်ဇင် (Autism) ကလေးငယ်တွေအတွက် သီးသန့်သင်ကြားပေးနိုင်တဲ့ ကျောင်းတွေ မရှိတဲ့အတွက် အော်တစ်ဇင် ကလေးငယ်တွေအားလုံး စာမသင်နိုင်တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။

အော်တစ်ဇင်သားလေး ၂ ယောက်ရဲ့ မိခင် မစံပါယ် (အမည်လွှဲ) က “ပုံမှန် Main ကျောင်းတွေမှာ ထားရင် တော်တော်လေးကိုမှ စိုးရိမ်စိတ်တွေ ဖြစ်ရတယ်။ ကျမတို့ကလေးတွေလို အလားတူ ကလေးတွေ အော်တစ်ဇင်တို့ ဒေါင်းဆင်ဒရုန်းတို့လိုမျိုး ထားရမဲ့ ကျောင်းလေးတကျောင်း လိုချင်တယ်။ နို့မို့ဆို ကျမတို့ တော်တော်လေးကို စိတ်လည်းဖိစီးရတယ်၊ စိုးရိမ်စိတ်လည်း တအားများရတယ်။ တချိန်လုံးကို လက်လွှတ်လို့ကိုမရဘူး” လို့ ပြောပါတယ်။

သူတို့မိသားစုဟာ နယ်မြို့တခုမှာ ရုန်းကန်နေရတဲ့ ဝင်ငွေနည်းမိသားစု ဖြစ်ပါတယ်။ သားလေး ၂ ယောက်စလုံး အော်တစ်ဇင် ဖြစ်နေတာကြောင့် ကလေးတွေကို စောင့်ရှောက်ဖို့ သူ အလုပ်ထွက်မလုပ်နိုင်သလို သူ့အမျိုးသား ကိုကျော်စွာ (အမည်လွှဲ)ကလည်း အိမ်မှာလုပ်လို့ရတဲ့ အလုပ်ပဲ လုပ်ကိုင်နိုင်ပါတယ်။

ဒါကြောင့် ဝင်ငွေနည်းပြီး သူ့သားတွေနဲ့ သင့်လျော်မဲ့ ကျောင်းမျိုးကို သူတို့ မထားနိုင်ဖြစ်နေသလို သူ နေထိုင်တဲ့ ပတ်ဝန်းကျင်မှာလည်း အော်တစ်ဇင်ကလေးတွေအတွက် သင့်လျော်တဲ့ကျောင်း မရှိပါဘူး။

အော်တစ်ဇင် ဆိုတာက သာမန်ကလေးတွေထက် ဦးနှောက်ဖွံ့ဖြိုးမှု ကွာခြားတဲ့ အခြေအနေ ဖြစ်ပါတယ်။

အဲဒီကလေးတွေဟာ လူမှုဆက်ဆံရေး ပုံမှန်မဟုတ်တာ၊ လူတွေနဲ့ ပြောဆိုဆက်သွယ်ဖို့ ခက်ခဲတာ၊ သူတို့စိတ်ဝင်စားတဲ့ အရာတွေကိုပဲ ထပ်တလဲလဲ လုပ်နေတတ်တာပါ။

အော်တစ်ဇင်ဟာ အမျိုးအစားကွဲပြားပြီး ကလေးတယောက်နဲ့ တယောက်လည်း ပုံစံမတူညီကြပါဘူး။

မစံပါယ်နဲ့ ကိုကျော်စွာတို့ရဲ့ သား ၂ ယောက်ကလည်း ဒီလိုပါပဲ။ တယောက်နဲ့ တယောက် သင်ယူနိုင်စွမ်းရည် မတူပါဘူး။

“အကြီးကောင်ကတော့ အခြေခံပေါ့ နည်းနည်းလေး သင်လို့ရတယ်။ သင်္ချာတွေ ဘာတွေတော့ သူ သင်လို့မရဘူး။ အငယ်တယောက်ကတော့ သူက စာသင်လို့ မရဘူး။ ဒါပေမဲ့ သူက နည်းနည်းပိုပြီးတော့ တချို့ဟာတွေကျ‌တော့ သူ့ဟာသူ သင်ယူလို့ရတာတွေ ရှိတယ်။ စာသာ သင်လို့မရတာ၊ ပိုပြီးတော့ နားလည်လွယ်တာတွေ ရှိတယ်။”

မြန်မာနိုင်ငံမှာ အော်တစ်ဇင်ဦးရေ ဘယ်လောက်ရှိတယ်ဆိုတာ တိတိကျကျ ကောက်ယူထားတဲ့ စာရင်းမရှိဘူးလို့ ပုံမှန်ဉာဏ်ရည်မဟုတ်တဲ့ ကလေးတွေကို သင်ကြားပေးနေတဲ့ ဆရာမတယောက်က ပြောပါတယ်။

အော်တစ်ဇင် အပါအဝင် ဦးနှောက်ဖွံ့ဖြိုးမှု ကွာခြားတဲ့ ကလေးတွေကိုတော့ သာမန်ကလေးတွေနဲ့အတူ စာသင်ကြားလို့မရဘဲ မြန်မာနိုင်ငံမှာတော့ Special need education လို့ ခေါ်တဲ့ သင်ယူပုံ၊ ဖွံ့ဖြိုးပုံ ကွာခြားတဲ့ ကလေးတွေကို သူတို့လိုအပ်ချက်အတိုင်း သင်ကြားပေးတဲ့ ပညာရေးစနစ်နဲ့ သင်ကြားရပါတယ်။

Special need education ဟာလည်း သင်ယူစရိတ် မြင့်မားတဲ့အတွက် သာမန်မိသားစုတွေအနေနဲ့ လက်လှမ်းမမီသလို အော်တစ်ဇင် ကလေး ၂ ယောက်ရဲ့ တာဝန်ကို ယူထားရတဲ့ ကိုကျော်စွာတို့ မိသားစုအတွက်တော့ ပိုပြီး အလှမ်းဝေးပါတယ်။

ဒါ့အပြင် ပတ်ဝန်းကျင်မှာရှိတဲ့ အစိုးရကျောင်းတွေမှာရော ပုဂ္ဂလိကကျောင်းတွေမှာပါ ဉာဏ်ရည်မတူတဲ့ ကလေးတွေအတွက် အထူးထည့်သွင်းစဉ်းစားထားတာ မရှိပါဘူး။

နိုင်ငံတကာမှာတော့ ဘယ်လိုကလေးမျိုးမဆို ပါဝင်နိုင်တဲ့ Inclusive Education ဘက်ကို ကူးပြောင်းနေပေမဲ့ မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်မှာတော့ အကောင်အထည်မဖော်နိုင်သေးတဲ့အတွက် ကလေးတွေအားလုံး ပညာသင်ကြားခွင့်ရဖို့ ပိုခက်ခဲတယ်လို့ မြန်မာဒေါင်းဆင်ဒရုန်းအသင်းက ဆရာမ ဒေါ်မာလာဖြူက ရှင်းပြပါတယ်။

“ပညာရေးအတွက်ဆိုရင် တကယ်တမ်းတော့ ဥပဒေထဲမှာ Inclusive Education system ဆိုတာက သတ်မှတ်ပြီးသား။ ဒါပေမဲ့ အကောင်အထည်မဖော်နိုင်သေးဘူး။ အဲဒါတွေကလည်း ဥပဒေက အသက်ဝင်လာဖို့ လိုတယ်ပေါ့။ ပြီးတော့ ကျမတို့ကလေးတွေမှာကလည်း အများနည်းတူ သူတို့က အလုပ်အကိုင်ရရှိခွင့် ရှိသင့်တယ်။ အဲဒါတွေကလည်း ဖြစ်လာရမှာပေါ့နော်။ ဒါက‌တော့ နိုင်ငံတော်အဆင့်က အကောင်အထည်ဖော်ပေးမှ ရမှာဖြစ်ပါတယ်။”

စစ်တပ်က အာဏာမသိမ်းခင်ကတော့ မြန်မာနိုင်ငံမှာ အော်တစ်ဇင် ကလေးငယ်တွေရဲ့ ပညာရေး၊ ကျန်းမာရေးအတွက် အစိုးရနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ထောက်ပံ့မှု အတော်အသင့် ရရှိခဲ့ပေမဲ့ စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က ထောက်ပံ့တဲ့ ထောက်ပံ့ကြေးအဖြစ် ကလေးတယောက်ကို တလအတွက် ထောက်ပံ့ကြေး ငွေကျပ် ၄၀,၀၀၀ ဝန်းကျင်ပဲ ရကြတယ်လို့ သိရပါတယ်။

အဲဒီငွေကြေးဟာ ကိုကျော်စွာတို့ ဇနီးမောင်နှံရဲ့ သားအကြီးဖြစ်သူကို တပတ် သုံးရက်တာ သင်ကြားပေးတဲ့ မူကြိုကျောင်းလခရဲ့ သုံးပုံတပုံပဲ ရှိပါတယ်။

ဝင်ငွေနည်း ကိုကျော်စွာတို့ ဇနီးမောင်နှံဟာ ရွေးချယ်စရာမရှိဘဲ သူတို့သားအကြီးကို သာမန်ကလေးတွေတက်တဲ့ မူကြိုကျောင်းမှာ မဖြစ်မနေ ထားနေရတာ ဖြစ်ပါတယ်။

ဒီလိုထားတဲ့အတွက် အဆင်မပြေတာတွေ ရှိနေပေမဲ့ သာမန်ကလေးတွေရဲ့ အနာဂတ်တောင် ဝေဝါးနေတဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေအရ သူ့ကလေးတွေရဲ့ အနာဂတ်ကို မတွေးနိုင်ဘဲ တနေ့ချင်းစီကိုပဲ ကြိုးစား ဖြတ်သန်းနေရတယ်လို့ ရင်ဖွင့်ပြောပြပါတယ်။

“အိမ်မှာပဲ ဒီတိုင်းထားထားပြီးတော့ တောက်လျှောက်ကြီး ကိုယ်လည်း အသက်ကြီးတဲ့အထိ သူတို့ကို ကလေးလို သဘောထားပြီး ကြည့်ရမဲ့သဘော ရှိတယ်ပေါ့။ ဒီနိုင်ငံရဲ့ လက်ရှိအခြေအနေအတိုင်း ဆိုရင်တော့ သူတို့အနာဂတ်က နည်းနည်းတော့ ဝေးနေတယ်ပေါ့၊ စဉ်းစားရတာလေ။ အဖွဲ့အစည်းအနေနဲ့ရော စဉ်းစားရတာ နည်းနည်းဝေဝေဝါးဝါးတော့ ဖြစ်နေတယ်ပေါ့လေ။ အများကြီး မစဉ်းစားနိုင်ဘဲနဲ့ ဒီနေ့မှာ သူတို့ ဘယ်လိုကျန်းမာအောင် လုပ်မလဲ၊ ဘယ်လိုတိုးတက်အောင် လုပ်မလဲ ဆိုတာ တနေ့ချင်းစီပဲ သွားနေရတဲ့ အနေအထား ဖြစ်နေတယ်။”

မြန်မာနိုင်ငံမှာ အော်တစ်ဇင် ဖြစ်တဲ့သူ အရေအတွက် ဘယ်လောက်ရှိလဲ အတိအကျ ထုတ်ပြန်ထားတာ မရှိပေမဲ့ ကမ္ဘာပေါ်မှာ နေ့စဉ် မွေးဖွားတဲ့ ကလေးငယ် အယောက် ၁၀၀ ယောက်မှာ တယောက်က အော်တစ်ဇင် အခြေအနေ ရှိနေကြတယ်လို့ UNICEF က ဖော်ပြပါတယ်။

အော်တစ်ဇင်သားတွေရဲ့ ဖခင်ဖြစ်တဲ့ ကိုကျော်စွာကတော့ တခြားမိဘတွေလို ကလေးတွေအပေါ် အနာဂတ်မျှော်လင့်ချက်တွေ မထားနိုင်ဘဲ သူ့ကလေးတွေကို နေ့စဉ် ချစ်နေ၊ ချစ်ပေးဖို့ တတ်နိုင်တယ်လို့ သူရဲ့ အခြေအနေကို ပြောပြပါတယ်။

သီရိ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013