
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ကျေးရွာက စစ်တပ် အထိုင်စခန်းရှေ့မှာ ဆိုင်ကယ် တစီးတည်းကို လူ ၃ ယောက် စီးနင်းဖြတ်သန်းသွားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကလေး ၃ ယောက်ကို စစ်သားတွေက ဖမ်းဆီးရိုက်နှက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စက်တင်ဘာ ၁၈ ရက်၊ ညနေ ၄ နာရီလောက်က ရွှေဘိုမြို့နယ်၊ ဝမ်းစည်ကျေးရွာက အသက် ၁၄ နှစ်၊ ၁၅ နှစ်နဲ့ ၁၇ နှစ်အရွယ် ကလေး ၃ ယောက်ဟာ ဆိပ်ခွန်ကျေးရွာ စစ်တပ်ဂိတ်ရှေ့ကနေ ဆိုင်ကယ်နဲ့ ဖြတ်မောင်းသွားချိန် ဖမ်းဆီးရိုက်နှက်ခံခဲ့ရတာ ဖြစ်ပါတယ်။
ဒါ့အပြင် စစ်သားတွေက ကလေးတွေဆီကနေ ဖုန်းတွေကိုပါ လုယူထားတယ်လို့ ဒီအကြောင်းကို သိရှိတဲ့ ဒေသခံတယောက်က ပြောပါတယ်။
“စစ်တပ်ဂိတ်ရှေ့မှာ ဆိုင်ကယ်ကို ၃ ယောက်မပြောနဲ့ ၂ ယောက်တောင် စီးလို့မရဘူး။ ရှေ့မှာ စစ်တပ်စခန်းရှိတယ်ဆိုတဲ့ ဆိုင်းဘုတ်တော့ လုပ်ပေးထားတယ်။ ကလေးတွေက အဲဒါကို မမြင်ဘဲ သွားမိတာဖြစ်မယ်။ ၃ ယောက်စီးလို့ဆိုပြီး ဖမ်းရိုက်တာ။ ကလေးတွေဆီက ဘာမှမတွေ့တော့ မိဘတွေကိုခေါ်ပြီး နောက်တခါ ဆိုင်ကယ်ကို ၂ ယောက်၊ ၃ ယောက် မစီးတော့ဘူးလို့ ခံဝန်ထိုးခိုင်းတယ်။ ပြီးတော့ တယောက်ကို ငွေ ၂ သိန်းနဲ့ ရွေးခိုင်းတာပါ။ ဖုန်းတွေကတော့ ပြန်မရတော့ဘူး။ နောက်တခါဆို ပစ်သတ်မယ်လို့ ခြိမ်းခြောက်ပြီးမှ ပြန်လွှတ်ပေးလိုက်တာပါ။ ကလေးတွေကတော့ ရိုက်နှက်ထိုးကြိတ်ခံထားရလို့ ဆေးကုသမှု ခံယူနေရပါတယ်။”
အဲဒီ စစ်တပ်အထိုင်စခန်းဂိတ်ဟာ ခရီးသွားတွေနဲ့ ဒေသခံတွေအပေါ် မကြာခဏ အကြမ်းဖက်လေ့ရှိတဲ့ နေရာတခုလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၃၁ ရက် ညနေပိုင်းကလည်း ရွှေဘိုဘက်ကနေ မောင်းနှင်လာတဲ့ ခရီးသွား ကားအသေးတစီးကို ဂိတ်အနီးအရောက်မှာ ပြန်ကွေ့သွားတယ်ဆိုပြီး စစ်သားတွေက သေနတ်နဲ့ လိုက်လံပစ်ခတ်ခဲ့ပါသေးတယ်။
အဲဒီပစ်ခတ်မှုကြောင့် ဂိတ်နဲ့ ကိုက် ၁၀၀ ကျော်အကွာက ဈေးထိပ်လမ်းဘေး သစ်သီးဆိုင်မှာ ဈေးဝယ်နေတဲ့ ဆိပ်ခွန်ကျေးရွာ၊ ဥက္ကံကုန်းတောက အသက် ၆ နှစ်အရွယ် မိန်းကလေးငယ် တယောက်နဲ့ သူ့မိခင် အသက် ၄၀ ဝန်းကျင်အရွယ် ကိုယ်ဝန်ဆောင် အမျိုးသမီးတို့ သေနတ်ကျည် ထိမှန်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ဆိပ်ခွန်ရွာဟာ ရွှေဘို-ဆိပ်ခွန်-မူးကမ်းကြီး-မုံရွာသွား ကားလမ်းဘေးမှာရှိပြီး ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကစလို့ စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက် အထိုင်ချတပ်စွဲထားတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၅ နှစ်အတွင်းမှာ ဒီစခန်းကနေ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသန်းပစ်ခတ်တာကြောင့် ခရီးသွားတွေနဲ့ ဒေသခံ အယောက် ၃၀ သေဆုံးခဲ့ပြီး၊ ပြည်သူ ၂၀ ကျော် ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် အခု ၂၀၂၆ ခုနှစ်အတွင်းမှာလည်း စစ်တပ်က ဆိပ်ခွန်ကျေးရွာကို ဒရုန်းတွေ၊ လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် သံဃာ ၂ ပါး ပျံလွန်တော်မူခဲ့ပြီး၊ ဒုလ္လဘရဟန်း ၁၆ ပါးနဲ့ အရပ်သားပြည်သူ ၁၁ ယောက် ဒဏ်ရာရသလို ဘုန်းကြီးကျောင်းတကျောင်းနဲ့ နေအိမ်တွေလည်း ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။











