
ရန်ကုန်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဖို့မြေရပ်ကွက်မှာ စက်တင်ဘာ ၁၂ ရက် မနေ့မွန်းလွဲပိုင်းက အသက် ၁၄ နှစ်အရွယ်ကလေးတယောက် ရေမြောင်းထဲ ပြုတ်ကျသွားတဲ့ ဘောလုံးကို ဆင်းဆယ်ရင်း ရေစီးနဲ့မျောပါသေဆုံးခဲ့ပါတယ်။
မွန်းလွဲ ၃ နာရီဝန်းကျင်မှာ ရေမြောင်းထဲ ဘောလုံးဆင်းကောက်ရင်း မျောပါသွားတာဖြစ်ပြီး မီးသတ်တပ်ဖွဲ့နဲ့ လူမှုကူညီရေးအသင်းတွေ ဝိုင်းဝန်းရှာဖွေတဲ့အတွက် ညပိုင်းမှာ အလောင်းကို ပြန်တွေ့ခဲ့တယ်လို့ သိရပါတယ်။
ကူညီရှာဖွေခဲ့သူတယောက်က “၇ နာရီကျော်လောက်မှာတွေ့တာပါ။ ၉၈ လမ်းထိပ်မှာ ပြန်တွေ့တာ” လို့ DVB ကို ပြောပါတယ်။
ည ၇ နာရီခွဲကျော်မှာ ၉၈ လမ်းထိပ် ရေမြောင်းထဲကနေ အလောင်းကို ပြန်တွေ့ခဲ့ပြီး သပြေကုန်းရပ်ကွက် လူမှုကူညီရေးအသင်းပိုင်ယာဉ်နဲ့ ရန်ကုန်ဆေးရုံကြီးဆီကို ပို့ဆောင်ပေးခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ရန်ကုန်၊ တာမွေမြို့နယ်မှာ မိုးသည်းသည်းထန်ထန်ရွာလို့ ရေလျှံနေတုန်း အသက် ၁၄ နှစ်အရွယ် ကလေးတယောက် ရေမြောင်းထဲ မျောပါပျောက်ဆုံးခဲ့ပါတယ်။











