
စစ်အာဏာရှင်ရုံးစိုက်ရာ နေပြည်တော်နဲ့ အနီးမှာ မြေငလျင်ငယ်တွေ ရက်ဆက်နီးပါး လှုပ်နေတယ်လို့ သိရပါတယ်။
သြဂုတ် ၁၇၊ ၁၈ နဲ့ ၂၀ ရက်တို့မှာ မြေငလျင်ငယ်တွေ လှုပ်ခဲ့တာဖြစ်ပြီး ပြင်းအား ပမာဏကတော့ ရစ်ချ်စတာစကေး ၃ ဝန်းကျင် ရှိပါတယ်။
သြဂုတ် ၁၇ ရက်ကတော့ မနက် ၁၀ နာရီကျော်မှာ ပြင်းအားပမာဏ ၃ ဒသမ ၁ ရှိတဲ့ ငလျင်တခု လှုပ်ခဲ့ပြီး နေပြည်တော်က အရှေ့မြောက်ဘက် ၁၃ ကီလိုမီတာခန့်နဲ့ အနက် ၁၀ ကီလိုမီတာမှာ လှုပ်ရှားခဲ့တာလို့ ဆိုပါတယ်။
ဆက်လက်ပြီး သြဂုတ် ၁၈ ရက် ညပိုင်းမှာလည်း နေပြည်တော် အရှေ့မြောက်ဘက် ၂၂ မိုင်ဝန်းကျင်အကွာ မြေအောက်အနက် ၆ မိုင်ခန့်ကနေ ပြင်းအား ပမာဏ ၃ ရှိ ငလျင်ငယ်တခု ထပ်မံလှုပ်ခဲ့သေးတာပါ။
ဒ့ါအပြင် သြဂုတ် ၂၀ ရက် မွန်းလွဲပိုင်းမှာလည်း နေပြည်တော်အရှေ့မြောက်ဘက်မှာ ပြင်းအားပမာဏ ၃ ဒသမ ၁ ရှိ ငလျင်ငယ်တခု လှုပ်ခဲ့ပါသေးတယ်။
မြန်မာနိုင်ငံဟာ စစ်ကိုင်းပြတ်ရွေ့ (Sagaing Fault) တလျှောက် တည်ရှိနေတာကြောင့် အခုလို အသေးစား မြေငလျင်တွေ ပုံမှန်ဖြစ်ပေါ်နိုင်ပြီး အရေးတကြီး စိုးရိမ်ဖို့ မလိုအပ်ပါဘူးလို့လည်း မြန်မာနိုင်ငံအတွင်းက ငလျင်အဖွဲ့အစည်းတွေက ထုတ်ပြန်ထားပါတယ်။











