
ဒီတပတ်မှာ နွေဦးပြည်သူတို့အတွက် ဆေးပုလဲပင် ဆေးဖက်ဝင် အကြောင်းကို လက်လှမ်းမီဆေးပညာမှ ရေးသားဖော်ပြသွားမှာ ဖြစ်ပါတယ်။
ဆေးပုလဲပင်ကို သိပ္ပံလို Gentiana kurroo လို့ခေါ်ပြီး အင်္ဂလိပ်လို Indian gentian, Himalayan gentian လို့ ခေါ်ပါတယ်။
ဆေးပုလဲပင်မှာ secoiridoid, amarogentin, gentiopicroside, swertiamarin, sweroside,al-kaloids, gentianine, gentioflavine, xanthones, oligosaccharides, gentiobiose,gentianose, Amarogentin, gentiopicrin, swertiamarin, sioeroside (iridoid monoterpenes) စတဲ့ ကျန်းမာရေး အကျိုးပြုဓာတုဓာတ်ပေါင်းတွေ ပါဝင်ပြီး ဓာတ်တိုး ဆန့်ကျင်ခြင်း၊ ရောင်ရမ်းမှုကို ဆန့်ကျင်ခြင်း၊ အကိုက်အခဲပျောက်ဆေး အာနိသင်ရှိခြင်း၊ ဘက်တီးရီးယား ဆန့်ကျင်ခြင်း၊ ကိုယ်ခံစွမ်းအားကို ကောင်းမွန်စေခြင်း၊ အဖျားရောဂါကို လျှော့ချပေးခြင်း၊ အစာကြေခြင်း၊ ဓမ္မတာရာသီစက်ဝန်းကို ပုံမှန်ဖြစ်စေခြင်း၊ ရာသီလာစဥ် ကိုက်ခဲခြင်းကို လျှော့ချပေးခြင်း၊ ဝမ်းပျော့ဆေးအာနိသင်ရှိခြင်း၊ အနာကျက်စေခြင်း၊ ဆံပင်ကျန်းမာရေးကို မြှင့်တင်ပေးခြင်း စတဲ့အစွမ်းအာနိသင် ရှိပါတယ်။
ဆေးဘက်ဆိုင်ရာမှာ ဆေးပုလဲပင်ရဲ့ အမြစ်ကို သုံးစွဲကြပါတယ်။
အစာမကြေခြင်းအတွက် ဆေးပုလဲအမြစ်မှုန့် ကော်ဖီ ၁ ဇွန်းကို အစာမစားမီ နာရီဝက်ခန့်မှာ ရေနွေးနဲ့ သောက်ပေးနိုင်ပါတယ်။
လေထိုး လေအောင့်ခြင်းတွေမှာ ဆေးပုလဲအမြစ်မှုန့် ကော်ဖီ ၁ ဇွန်းကို ရေနွေးနဲ့ သောက်ပေးခြင်းဖြင့် သက်သာစေပါတယ်။
အစာအဆိပ်သင့်ခြင်းအတွက် ဆေးပုလဲအမြစ်မှုန့် ကော်ဖီ ၁ ဇွန်းကို ပျားရည်ကော်ဖီ ၁ ဇွန်းနဲ့ ရောစပ် တိုက်ကျွေးပေးနိုင်ပါတယ်။
သန်ကောင်၊ တုတ်ကောင်ရောဂါတွေမှာ အမြစ်မှုန့် ကော်ဖီ ၁ ဇွန်းကို ပျားရည်ကော်ဖီ ၁ ဇွန်းနဲ့ တနေ့ ၂ ကြိမ်၊ ၃ ရက်ခန့် တိုက်ကျွေးပေးနိုင်ပါတယ်။
လိပ်ခေါင်းရောဂါအတွက် အမြစ်ကို ရေအေးမှာ တည စိမ်ထားတဲ့အရည် ရေနွေးကြမ်းပန်းကန် တဝက်ကို မနက်စောစော အစာမရှိချိန် သောက်ပေးနိုင်ပါတယ်။
အမြစ်မှုန့်ကို သောက်ပေးခြင်းက ဝမ်းပျော့စေတာကြောင့် ဝမ်းချုပ်ခြင်းကို သက်သာစေပါတယ်။
ရာသီလာစဉ် နာကျင်ကိုက်ခဲခြင်းအတွက် အမြစ်ကို ရေအေးမှာ စိမ်ထားတဲ့အရည် ရေနွေးကြမ်းပန်းကန် တဝက်ကို တနေ့ ၂ ကြိမ် သောက်ပေးခြင်းဖြင့် သက်သာစေပါတယ်။
နို့တိုက်မိခင်တွေ ဟင်းချိုတွေမှာ ဆေးပုလဲမြစ်မှုန့် ကော်ဖီ ၁ ဇွန်းခန့် ခတ်ပြီး သောက်ပေးခြင်းဖြင့် နို့ထွက်ကောင်းစေပါတယ်။
ဖျားနာခြင်းအတွက် ဆေးပုလဲအမြစ်ပြုတ်ရည် တခါသောက် ရေနွေးကြမ်းပန်းကန်တဝက်ကို တနေ့ ၂ ကြိမ် သောက်ပေးနိုင်ပါတယ်။
ဆေးပုလဲအမြစ်မှုန့် ကော်ဖီ ၁ ဇွန်းကို ရေနွေးနဲ့ တနေ့ ၁ ကြိမ်ခန့် သောက်ပေးခြင်းဖြင့် သွေးသန့်စေပါတယ်။
ဆီးသွားရခက်ခဲခြင်းအတွက် အမြစ်ကို ရေအေးမှာ စိမ်ထားတဲ့အရည် ရေနွေးကြမ်းပန်းကန် တဝက်ကို သံပုရာရည် ကော်ဖီ ၁ ဇွန်းနဲ့ တနေ့ ၂ ကြိမ် သောက်ပေးခြင်းဖြင့် သက်သာစေပါတယ်။
ချောင်းဆိုးခြင်းနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေမှာ ဆေးပုလဲမြစ်မှုန့် ကော်ဖီ ၁ ဇွန်းကို တနေ့ ၂ ကြိမ် ရေနွေးနဲ့ သောက်ပေးနိုင်ပါတယ်။
ဆံပင်ကျွတ်ခြင်းအတွက် အမြစ်မှုန့်ကို ရေနဲ့ပျစ်ပျစ်ဖျော်ပြီး ဦးရေပြားမှာ လိမ်းပေးပြီးနောက် နာရီဝက်ခန့်ထားပြီး ခေါင်းလျှော်ပေးပါ။
အရေပြား အဖြူကွက်များမှာ ဆေးပုလဲအမြစ်ပြုတ်ရည်ကို လိမ်းပေးနိုင်ပါတယ်။
ဆစ်ဖလစ်ကာလသားရောဂါကြောင့် အနာဖြစ်ခြင်းတွေမှာ ဆေးပုလဲအမြစ်ပြုတ်ရည်နဲ့ ဖန်ဆေးပေးနိုင်ပါတယ်။
ဆေးပုလဲပင်ကို အသင့်အတင့် သုံးစွဲခြင်းက ထူးခြားတဲ့ ဘေးထွက်ဆိုးကျိုးမရှိပေမဲ့ အလွန်အကျွံ သုံးစွဲခြင်းကြောင့် အစာအိမ်ပူခြင်း၊ ဝမ်းသွားခြင်း၊ မအီမသာဖြစ်ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ ဆေးပုလဲပင်နဲ့ ဓာတ်မတည့်သူတွေ ဆေးပုလဲပင်ထွက်ပစ္စည်းတွေကို ရှောင်ကြဉ်သင့်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေ ဆေးပုလဲပင်ကို သောက်ဆေးအဖြစ် သုံးစွဲခြင်းကို ရှောင်ကြဉ်ပါ။
နွေဦးပြည်သူများ ဆေးပုလဲပင်ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများကို သိရှိပြီး လိုအပ်သလို ရယူသုံးစွဲနိုင်ဖို့ ရေးသားဖော်ပြလိုက်ပါတယ်။











