
မြန်မာနိုင်ငံသားတွေအတွက် ယာယီခိုလှုံခွင့် TPS အပြီးသတ်ရပ်ဆိုင်းတဲ့ကိစ္စအပါအဝင် ဩဂုတ် ၅ ရက်နေ့ကစပြီး အချိန်တပတ်အတွင်းမှာ လူဝင်မှုကြီးကြပ်ရေးနဲ့ပတ်သက်တဲ့ ထူးခြားတဲ့လှုပ်ရှားမှု ၁၀ ခုထက်မနည်းကို အမေရိကန်အစိုးရက ဆောင်ရွက်ခဲ့ပါတယ်။
အစိုးရဘက်ကလှုပ်ရှားမှုသတင်းတွေကို ခွဲခြားကြည့်ရင် အကြမ်းအားဖြင့် အပိုင်း ၄ ခုပါဝင်ပြီး ပထမအပိုင်းမှာ အမေရိကန်ပြည်တွင်းကို နောက်ထပ်ဝင်ရောက်သူ မရှိသလောက်နည်းပါးအောင် ဆောင်ရွက်တာ၊ ဒုတိယအပိုင်းမှာ ရှိနှင့်နေပြီးသားသူတွေထဲက ဥပဒေချိုးဖောက်သူတွေကို အရေးယူတာပါဝင်ပါတယ်။
တတိယအပိုင်းမှာ တရားမဝင်နေထိုင်သူတွေကို အင်အားသုံး ဖမ်းဆီးနှင်ထုတ်တာကို အရှိန်မြှင့်တင်တာနဲ့ နောက်ဆုံးအပိုင်းမှာတော့ လဝကလုပ်ငန်းတွေနဲ့ပတ်သက်ပြီး ငွေကြေးနဲ့ လုပ်ထုံးလုပ်နည်းတွေကို အလွဲသုံးစားလုပ်ထားတာ၊ လှည့်စားပြီး နိုင်ငံသားဖြစ်ခွင့်ရယူ ထားတာတွေအထိ နောက်ကြောင်းပြန်စိစစ်အရေးယူတာတွေ ဆောင်ရွက်လာတာဖြစ်ပါတယ်။
သမ္မတထရမ့်ပ်က မဲဆွယ်ကာလကတိကဝတ်တွေအတိုင်း Project 2025 မှာဖော်ပြထားတဲ့ လုပ်ငန်းတွေကို ဆက်တိုက်အကောင်အထည်ဖော်နေတာပါ။
အမေရိကန်ပထမ မူဝါဒအတွက်လို့ အစိုးရဘက်က ပြောဆိုပေမဲ့ ဥပဒေနဲ့မညီညွတ်တာတွေ၊ လူ့အခွင့်အရေး စံနှုန်းနဲ့မညီတာတွေ၊ လူသားချင်းစာနာထောက်ထားမှုမရှိတဲ့ ဆောင်ရွက်ချက်တွေ ကြောင့် ဝေဖန်မှုတွေကိုလည်း တပြိုင်တည်း ကြုံနေရတာဖြစ်ပါတယ်။
မြန်မာ့ဒီမိုကရေစီအရေးမဟာမိတ်များအဖွဲ့မှ မခင်သီရိနန္ဒာစိုးက “အမေရိကန်ကိုရောက်နေတဲ့ မြန်မာများစွာအားကိုးနေရတဲ့ TPS စနစ် ဩဂုတ်လ ၇ ရက်မှာ ပျက်ပြားသွားတာကြောင့်မို့လို့ အလုပ်လုပ်ခွင့်တွေလည်းမရှိတော့ဘူး၊ တရားမဝင်ဖြစ်သွားတဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်၊ တရားဝင် ဝင်ရောက်မှုတွေကို အဆုံးစွန်အထိ ဖြတ်တောက်နိုင်ဖို့ ပြောင်းရွှေ့အခြေချသူတွေရဲ့ အရေအတွက်ကို သိသိသာသာ လျှော့ချချင်တယ်ဆိုတာမျိုးကို ကျမတို့တွေ့ရတယ်။ နောက်တခါ ဝင်ရောက်လာတဲ့သူတွေက အမေရိကန်အစိုးရဆီကနေ လူမှုထောက်ပံ့ကြေးအပေါ်မှာ မှီခိုမယ့်သူတွေ မဟုတ်ကြောင်း သေချာဖို့အတွက်ပေါ့လေ၊ ဒါတွေသူတို့မလိုချင်ဘူး။ နိုင်ငံသားတွေ ဖြစ်သွားပြီးသားလူတွေတောင်မှ လက်ထပ်ထားတဲ့သူဆိုရင်လည်း လက်ထပ်ထားတာက အစစ်အမှန်ဟုတ်ရဲ့လားဆိုတာမျိုးတွေ နောက်ကြောင်းလှန်ပြီးတော့ ပြန်စစ်တာတွေ ပြန်ဖော်ထုတ်တာတွေ အများကြီးပြုလုပ်နေတာတွေ ရှိတယ်ပေါ့နော်”လို့ ပြောပါတယ်။
ရက်ခြားပြီးထွက်ပေါ်လာတဲ့ မြန်မာနဲ့ ဆူဒန် TPS အပြီးသတ်ရပ်ဆိုင်းတဲ့ဆောင်ရွက်ချက်၊ ၇၅ နိုင်ငံရဲ့ပြည်ဝင်ခွင့် ဗီဇာတွေရပ်ဆိုင်းထားတာနဲ့ပတ်သက်ပြီး တရားရုံးနဲ့အခြေအတင်ဖြစ်နေတာ၊ စီးပွားရေး(ဒါမှမဟုတ်)အလည်အပတ် ဗီဇာ B1 ၊ B2 တို့နဲ့လာမဲ့ သူတွေဟာ အစိုးရဆီမှာ အာမခံကြေးအဖြစ် ဒေါ်လာ ၂၀,၀၀၀ အထိ တင်ပြဖို့တိုးမြှင့်လိုက်တာ၊ အမြဲတမ်းနေထိုင်ခွင့် (Green card)၊ နိုင်ငံရေးခိုလှုံခွင့် (Asylum) တို့အပါအဝင် လဝက လျှောက်လွှာတွေကို အွန်လိုင်းကပဲတင်ဖို့ USCIS ကကြေညာချက်ထုတ်တာ စတဲ့အပြောင်းအလဲနဲ့ သတင်းတွေကတော့ ပြည်တွင်းကို နောက်ထပ်ဝင်ရောက်သူ မရှိသလောက်နည်းပါးအောင် အစိုးရဘက်က ရည်ရွယ်တဲ့ အပိုင်းဖြစ်ပါတယ်။
မွေးရာပါ နိုင်ငံသားဖြစ်ခွင့်နဲ့ နိုင်ငံသားဖြစ်ခွင့်ရဖို့နိုင်ငံထဲကို ကိုယ်ဝန်နဲ့ ခရီးသည်အဖြစ် ဝင်ရောက် လာတာတွေကို တားဆီးဖို့ အစိုးရဘက်ကကြိုးစားတာ၊ ပြည်ဝင်ခွင့် ဗီဇာ စည်းကမ်းဖောက်သူ ၁၇၅,၀၀၀ ကျော်ရဲ့ ဗီဇာတွေကိုရုပ်သိမ်းတဲ့သတင်းတွေကတော့ ရှိနှင့်နေပြီးသားသူတွေထဲက ဥပဒေချိုးဖောက်သူ ဒါမှမဟုတ် အမြတ်ထုတ်လိုသူတွေကို အရေးယူတဲ့အပိုင်း ဖြစ်ပါတယ်။
တရားမဝင်နေထိုင်သူတွေကို အင်အားသုံး ဖမ်းဆီးနှင်ထုတ်တဲ့အပိုင်းမှာလည်း ထရမ့်ပ်အစိုးရက အရှိန်မြှင့်တင်နေတာပါ။
ပြီးခဲ့တဲ့ အပတ်အတွင်းမှာ အမေရိကန် လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန် စည်းကြပ်မှု အေဂျင်စီ (ICE) အဖွဲ့က လေဆိပ်တွေမှာ အဖမ်းအဆီးကြမ်းနေတဲ့သတင်းတွေ၊ ICE ရုံးခန်းတွေ နိုင်ငံတဝန်း တိုးဖွင့်တဲ့သတင်းတွေ၊ ICE အဖွဲ့ဝင်တွေ Body Camera နဲ့ ကျင်စက်တွေအသုံးပြုမဲ့ သတင်းတွေဆက်တိုက်ထွက်ပေါ်ခဲ့တာက အထောက်အထားတွေဖြစ်လာပါတယ်။
မြန်မာနွယ်ဖွား အမေရိကန်နိုင်ငံသားတယောက်က “အခု ဖမ်းတယ်ဆီးတယ်ဆိုတာက တချို့ပြည်နယ်တွေမှာက ကယ်လီဖိုးနီးယားမှာဖြစ်တယ်၊ နယူးဂျာစီမှာဖြစ်တယ်၊ နယူးယောက်မှာ ဖြစ်တယ်ဆိုပြီးတော့ မဖြစ်တဲ့ပြည်နယ်ကလူတွေက ကြိတ်ပြီး ဝမ်းသာကောင်း ဝမ်းသာနေမယ်လေ။ ဒါပေမဲ့ အဲ့ဒါက အလှည့်မရောက်သေးလို့၊ အကုန်လုံးသူကတော့ တဖြေးဖြေးနဲ့တဦးချင်းအနေနဲ့တွက်မိတာကတော့ ပထမသူက တရားမဝင်ဆိုတာနဲ့ စတယ်၊ ပြီးတော့ တရားဝင် နေထိုင်ခွင့်ရတဲ့သူတွေကိုလည်းဖမ်းတယ်၊ဗီဇာရှိတဲ့သူကိုလည်း ဖမ်းတယ်၊ ဂရင်းကတ်ရှိတဲ့သူလည်း ဖမ်းတယ်၊ အခု နိုင်ငံသားဖြစ်တဲ့ နိုင်ငံသားခံယူထားပြီးသား လူတွေကိုတောင်မှ သူက နိုင်ငံသားအဖြစ်က ပြန်ရုပ်သိမ်းဖို့ နည်းလမ်းမျိုးစုံရှာပြီးတော့ လုပ်နေတာလေ၊ ဆိုတော့ နောက်ပိုင်း အဲ့လို တဖြေးဖြေးနဲ့ ကျစ်ကျစ်လာလို့ရှိရင် ကိုယ့်အလှည့်လည်း ရောက်လာလိမ့်မယ်၊ မဖြစ်ဘူးဆိုပြီးတော့ ဝမ်းသာနေကြလို့မရဘူး၊ ကိုယ့်လူမျိုးတွေ အားလုံးအတွက် တတ်နိုင်သလောက် အချင်းချင်းဖေးမကူညီတာမျိုး အကြံပေးတာမျိုးလုပ်ကြရင် ကောင်းမှာ ပေါ့နော်။”
ဩဂုတ် ၁၂ ရက်က အမေရိကန်နိုင်ငံသားတွေနဲ့ အတုအယောင်လက်ထပ်မှုတွေ စီစဉ်ပေးတဲ့ တရုတ်လူမျိုး ၁၁ ယောက်ကို အစိုးရက တရားစွဲတဲ့သတင်းထွက်ပေါ်လာပါတယ်။
ငွေကြေးမသမာမှုတွေ၊ လိမ်လည်မှုတွေနဲ့ဆက်စပ်နေတဲ့ နိုင်ငံသားဖြစ်ခွင့်လှည့်စားရယူထားတဲ့ ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး နောက်ကြောင်းပြန်စိစစ် ဖော်ထုတ်အရေးယူတာမျိုးတွေကိုပါ ထရမ့်ပ်အစိုးရဘက်က ဆောင်ရွက်လာတဲ့ ခြေလှမ်းတွေဖြစ်ပါတယ်။
နိုင်ငံတကာ နိုင်ငံရေး၊ စစ်ရေးသတင်းတွေနဲ့တပြိုင်တည်းမှာ ထရမ့်ပ်အစိုးရဟာ ပြည်တွင်းမှာလည်း လဝကလုပ်ငန်းတွေကို အရှိန်အဟုန်နဲ့တင်းကျပ်နေတာပါ။
အမေရိကန်ပြည်တွင်းကို ရောက်နေသူတွေဟာ ခိုင်လုံတဲ့သတင်းအချက်အလက်ရဖို့ အခွင့်အလမ်း မရှိသလောက်ဖြစ်နေပြီး ဥပဒေအကာအကွယ်ရဖို့လည်း စိန်ခေါ်မှုတွေ ကြုံနေရတယ်လို့ လေ့လာသူတွေက မှတ်ချက်ပေးပါတယ်။
သုတချမ်းသာ











