
ARSA အကြမ်းဖက်အဖွဲ့ကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနဲ့အညီ နိုင်ငံတကာ အဖွဲ့အစည်းတွေ ပူးပေါင်းပြီး ထိရောက်စွာ ပူးပေါင်းဖော်ထုတ်တိုက်ဖျက်ပြီး လုံလောက်တဲ့ ကာကွယ်မှု ပြုလုပ်ပေးရေးအဆို ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်ပါတယ်။
မနေ့ကကျင်းပတဲ့ ပြည်သူ့လွှတ်တော်မှာ ပျော်ဘွယ် မဲဆန္ဒနယ်မှ ဦးသောင်းအေး တင်သွင်းတဲ့ နိုင်ငံအတွင်း အကြမ်းဖက်တိုက်ခိုက်မှုတွေ ထပ်မံမဖြစ်ပေါ်စေဖို့နဲ့ အထူးသဖြင့် ရခိုင်ပြည်နယ်မှာ ထပ်မံမဖြစ်စေဖို့ ARSA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က ကျူးလွန်ခဲ့တဲ့ အကြမ်းဖက် ဖြစ်စဉ်များအပေါ် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနှင့် အညီ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ထိရောက်စွာ ပူးပေါင်းဖော်ထုတ်တိုက်ဖျက်ပြီး လုံလောက်သည့် ကာကွယ်မှု ပြုလုပ်ပေးရေးအဆိုကို တပ်မတော်သားကိုယ်စားလှယ် ၃ ဦးအပါအ၀င် လွှတ်တော်ကိုယ်စားလှယ် ၁၆ ဦးတို့က ဆွေးနွေးခဲ့ကြတာပါ။
ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်သူက အကြမ်းဖက် ကျူးလွန်ခဲ့သည့် ဖြစ်စဉ်တွေနဲ့ပတ်သက်လို့ အကြမ်းဖက် တိုက်ဖျက်မှု ဥပဒေအပါအ၀င် တည်ဆဲ ဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက်နေကြောင်းနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ထွက်ပြေးတိမ်းရှောင်သူများ ဖမ်းဆီးရမိရေးကိုလည်း အလေးထား ဆောင်ရွက်နေကြောင်း ပြောပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ် မောင်တောဒေသ အကြမ်းဖက်မှုများ ထပ်မံ မဖြစ်ပေါ်စေဖို့ အမှတ်(၁) နယ်ခြားစောင့် ရဲတပ်ဖွဲ့တွေ၊ လုံခြုံရေး ရဲတပ်ဖွဲ့ခွဲများ၊ ပြည်နယ်ရဲတပ်ဖွဲ့တွေနဲ့ တပ်မတော် တပ်ရင်း၊ တပ်ဖွဲ့များ၊ အုပ်ချုပ်ရေး အဖွဲ့အစည်းတွေပူးပေါင်းပြီး တည် ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေကို အရှိန် အဟုန်မြှင့် ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
အဆိုကို အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူသဖြင့် အဆိုအား အတည်ပြုကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ကြေညာခဲ့ပါတယ်။










