ထိုင်ဝမ် အတိုက်အခံခေါင်းဆောင် ချန်လီဝမ်က ဇွန်လမှာ အမေရိကန်ဆီ လာရောက်လည်ပတ်တဲ့ အခါ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ တွေ့ဖို့ အလွန်ဆန္ဒရှိတယ်လို့ ဇွန် ၁ ရက်မှာ ပြောလိုက်ပါတယ်။
ထိုင်ဝမ်ရဲ့ အကြီးဆုံး အတိုက်အခံပါတီ ကူမင်တန် (KMT) ရဲ့ ဥက္ကဋ္ဌ ချန်ဟာ ဧပြီလမှာ တရုတ်နိုင်ငံဆီ သွားရောက်လည်ပတ်ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ခဲ့ပြီးတဲ့နောက် တနင်္လာနေ့ နှောင်းပိုင်းမှာ နှစ်ပတ်ကြာ အမေရိကန်ခရီးစဉ်အတွက် ထွက်ခွာသွားခဲ့တာပါ။
ထိုင်ပေမြို့မှာ သတင်းထောက်တွေနဲ့ စကားပြောဆိုရာမှာ ချန်က ထရမ့်ပ်နဲ့ ရှီတို့ ပြီးခဲ့တဲ့လက ပေကျင်းမှာ တွေ့ခဲ့ပြီးတဲ့နောက် တရုတ်-အမေရိကန် ဆက်ဆံရေး ပိုကောင်းလာတာကို မြင်ရလို့ ဝမ်းမြောက်မိတယ်လို့ ပြောပါတယ်။
အမေရိကန် သမ္မတအိမ်ဖြူတော်က ရုံးချိန်ပြင်ပမှာ မှတ်ချက်ပေးဖို့ တောင်းဆိုမှုကို ချက်ချင်းမတုံ့ပြန်ပါဘူး။
ထိုင်ဝမ်ကို သူ့ကိုယ်ပိုင်အဖြစ် ကြေညာထားတဲ့ တရုတ်နိုင်ငံက ထိုင်ဝမ်ရဲ့ လက်ရှိသမ္မတ လိုင်ချင်းတယ်နဲ့ စကားပြောဖို့ ငြင်းဆိုခဲ့ပါတယ်။
လိုင်ဟာ “ခွဲထွက်ရေးသမား” တယောက် ဖြစ်တယ်လို့ စွပ်စွဲပြီး ဆွေးနွေးဖို့ လိုင်ရဲ့ အကြိမ်ကြိမ် ကမ်းလှမ်းချက်တွေကိုလည်း ငြင်းပယ်ခဲ့ပါတယ်။
လိုင်က တရုတ်ပြည်မကြီး အစိုးရရဲ့ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုဆိုင်ရာ တောင်းဆိုချက်တွေကို ပယ်ချပြီး ထိုင်ဝမ်ပြည်သူတွေကသာ သူတို့ရဲ့အနာဂတ်ကို ကိုယ်ပိုင်ဆုံးဖြတ်နိုင်တယ်လို့ ပြောခဲ့ပါတယ်။
Source: Reuters










