
သင်္ဘောသား ၂၄ ယောက်တင်ဆောင်လာပြီး ပနားမားအလံ လွှင့်ထူထားတဲ့ ကုန်တင်သင်္ဘောတစင်း နစ်မြုပ်ပြီးတဲ့နောက် အိန္ဒိယကမ်းခြေစောင့်တပ်နဲ့ ရေတပ်တို့ဟာ သြဂုတ် ၂၃ ရက်မှာ တရုတ်နိုင်ငံသား ၂ ယောက်ကို ကယ်တင်နိုင်ခဲ့တယ်လို့ အကြီးတန်းအရာရှိတယောက်က ပြောပါတယ်။
သင်္ဘောဟာ သောကြာနေ့မှာ နစ်မြုပ်သွားခဲ့ပြီး သင်္ဘောသားတွေကို သင်္ဘောကနေ စွန့်ခွာခိုင်းခဲ့တယ်လို့ ကယ်တင်ခံရတဲ့ တရုတ်သင်္ဘောသား ၂ ယောက်က ပြောတဲ့အကြောင်း အိန္ဒိယ ရေကြောင်းစီမံခန့်ခွဲရေးဌာန ညွှန်ကြားရေးမှူးချုပ် ရှယမ်ဂျဂန်နာသန်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။
အသက်ရှင်ကျန်ရစ်သူတွေကို ရှာတွေ့ဖို့ အခွင့်အလမ်းတွေက ၁၂ နာရီအကြာမှာ သိသိသာသာ ကျဆင်းသွားပေမဲ့ ကယ်ဆယ်ရေးသမားတွေကတော့ ဆက်ပြီး ရှာနေတယ်လို့ ဂျဂန်နာသန်က ပြောပါတယ်။
သမုဒ္ဒရာကို အောင်နိုင်သူလို့ အဓိပ္ပာယ်ရတဲ့ Ocean Winner သင်္ဘောကနေ သင်္ဘောသား ၂၂ ယောက် ပျောက်ဆုံးနေဆဲဖြစ်ပြီး သူတို့ထဲမှာ တရုတ်နိုင်ငံသား ၁၈ ယောက်၊ မြန်မာနိုင်ငံသား ၃ ယောက်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတယောက် ပါတယ်လို့ အိန္ဒိယကမ်းခြေစောင့်တပ်က ပြောပါတယ်။
Ocean Winner သင်္ဘောဟာ သောကြာနေ့မှာ အိန္ဒိယအရှေ့ပိုင်း ဩဒိတ်ရှပြည်နယ်၊ ပါရာဒစ်ပ် ဆိပ်ကမ်းကနေ ထွက်ခွာပြီးတဲ့နောက် တရုတ်နိုင်ငံဆီ ဦးတည်ပြီး သံရိုင်းတွေကို သယ်ဆောင်လာခဲ့တယ်လို့ အိန္ဒိယရေကြောင်း စီမံခန့်ခွဲရေးဌာနရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
ကုန်တင်သင်္ဘောဟာ ဆိပ်ကမ်းကနေ ရေမိုင် ၂၄၀ လောက် အကွာမှာ နစ်မြုပ်သွားခဲ့တာလို့ အစိုးရသတင်းရင်းမြစ်တွေက ပြောပေမဲ့ နစ်မြုပ်ရခြရဲ့ အကြောင်းရင်းကို ချက်ချင်းမ သိရသေးပါဘူး။
ကမ်းခြေစောင့်တပ်က ရာသီဥတု၊ စက်ပိုင်းဆိုင်ရာချို့ယွင်းမှု ဒါမှမဟုတ် တခြားအချက်တွေ ပါဝင်ပတ်သက်မှု ရှိ၊ မရှိကို မဖော်ပြခဲ့ပါဘူး။
အေဂျင်စီအားလုံး နီးနီးကပ်ကပ် ညှိနှိုင်းဆောင်ရွက်နေပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေမှာ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်နေတယ်လို့ အိန္ဒိယနိုင်ငံရဲ့ သင်္ဘောဝန်ကြီးက ပြောပါတယ်။
အရှည် ၂၂၅ မီတာနဲ့ အကျယ် ၃၂.၂၆ မီတာရှိတဲ့ ကုန်တင် သင်္ဘောကို ၁၉၉၈ ခုနှစ်မှာ တည်ဆောက်ခဲ့တာပါ။
သင်္ဘောရဲ့ ခြေရာခံစနစ်က စင်ကာပူကို နောက်ထပ်ဆိုက်ကပ်ရာ ဆိပ်ကမ်းအဖြစ် ပြသခဲ့ပေမဲ့ အိန္ဒိယ သင်္ဘောပို့ဆောင်ရေးဝန်ကြီးက ဒီသင်္ဘောဟာ ကုန်စည်တွေကို တရုတ်နိုင်ငံဆီ ပို့ဆောင်ပေးနေတယ်လို့ ပြောပါတယ်။
Source: Reuters











