
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင်တွင်း မြန်မာနိုင်ငံသား စစ်ဘေးရှောင်တွေနဲ့ ကုန်သည်တွေအပါဝင် နိုင်ငံခြားသားတွေ အိမ်ငှားပြီး နေထိုင်ခွင့်ကို ခရိုင်အုပ်ချုပ်ရေးဌာနက ပိတ်ပင်ကန့်သတ်လိုက်တယ်လို့ မီဇိုရမ်ရောက် နယ်စပ်ကုန်သည်တွေဆီက သိရပါတယ်။
စက်တင်ဘာ ၁ ရက်ကစပြီး လောင်တလိုင်ခရိုင်တွင်း မြန်မာနိုင်ငံသားတွေနဲ့ နိုင်ငံခြားသားတွေ အိမ်ငှားနေထိုင်ခွင့်ကို ပိတ်ပင်လိုက်သလို ဟိုတယ်နဲ့ တည်းခိုခန်းတွေမှာလည်း နိုင်ငံခြားသားတွေ တည်းခိုမှုတွေကို တင်းကျပ်စွာ စောင့်ကြည်ဖို့ လောင်တလိုင် ခရိုင်အုပ်ချုပ်ရေးမှူးက အမိန့်ထုတ် လိုက်တာလို့ နယ်စပ်ကုန်သည်တွေက ပြောပါတယ်။
လောင်တလိုင်ရောက် နယ်စပ်ကုန်သည်တယောက်က “လောင်တလိုင်ခရိုင်တွင်း မြန်မာနိုင်ငံသား စစ်ဘေးရှောင်၊ ကုန်သည်တွေနဲ့ နိုင်ငံခြားသား အိမ်ငှားနေထိုင်ခွင့်ကို ပိတ်လိုက်တာရှိတယ်။ နိုင်ငံခြားသား အဝင်အထွက်တွေကိုလည်း တင်းတင်းကျပ်ကျပ် စောင့်ကြည်ဖို့အတွက် အခုလို ဆုံးဖြတ်လိုက်တာလို့ သိရတယ်။ အဓိကတော့ ချင်းပြည်နယ်ဘက်က မူးယစ်ဆေးဝါးတွေ ကုန်သွယ်မှုပြုလုပ်ကြမှာ စိုးရိမ်တာကြောင့်ဖြစ်နိုင်တယ်။ ဟိုတယ်တွေ၊ တည်ခိုခန်းတွေကို စစ်ဆေးမှုတွေ ပိုမိုတင်းကျပ်ဖို့ ပြောထားတာတွေလည်းရှိတယ်” လို့ ပြောပါတယ်။
မြန်မာနိုင်ငံသား စစ်ဘေးရှောင်တွေနဲ့ ကုန်သည်တွေ အိမ်ငှားပြီး နေထိုင်ခွင့်ကို ဩဂုတ် ၃၁ ရက်က ပြုလုပ်တဲ့ လောင်တလိုင်ခရိုင် “တရားဥပဒေစိုးမိုးရေး” ဆိုင်ရာ အစည်းအဝေးမှာ ခရိုင်အုပ်ချုပ်ရေးမှူး Pu Donny Lalruatsanga က အမိန်ချမှတ်လိုက်တာလို့ သိရပါတယ်။
နိုင်ငံခြားသားတွေ အိမ်ငှားနေထိုင်ခွင့် ကန့်သတ်ပိတ်ပင်လိုက်တာဟာ လောင်တလိုင်ခရိုင် တခု တည်းသာဖြစ်ပြီး မီဇိုရမ်းပြည်နယ်က တခြားခရိုင်တွေမှာတော့ ကန့်သတ်တာမျိုး မရှိသေးဘူးလို့ နယ်စပ်ကုန်သည်တွေဆီက သိရပါတယ်။
အိန္ဒိယ-ရခိုင်နယ်စပ်ကုန်သွယ်ရေးမှာ အလွန်အရေးပါတဲ့ လောင်တလိုင်ခရိုင်ဟာ မြန်မာနိုင်ငံ ချင်းပြည်နယ် ပလက်ဝမြို့နယ်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတာဖြစ်ပြီး ချင်းပြည်နယ်က စစ်ဘေးရှောင်တွေနဲ့ ရခိုင်ကုန်သည်အချို့ အခြေချနေထိုင်နေကြတာလည်းဖြစ်ပါတယ်။
လောင်တလိုင်ခရိုင်တွင်း အိမ်ငှားနေထိုင်ခွင့် ကန့်သတ်လိုက်တာကြောင့် နယ်စပ်ကုန်သည်တွေအပေါ် ထိခိုက်မှုရှိလာနေပြီး ဟိုတည်၊ တည်းခိုခန်းတွေဟာ နေထိုင်ဖို့ စရိတ်စကတွေက အလွန်ကုန်ကျ နိုင်တယ်လို့ နောက်ထပ် နယ်စပ်ကုန်သည်တယောက်က ပြောပါတယ်။
“လောင်တလိုင် ခရိုင်တွင်းမှာ မြန်မာဘက်က စစ်ဘေးရှောင်တွေ၊ နယ်စပ်ကုန်သည်တွေက အများအပြား အခြေချ နေထိုင်နေကြတာတွေရှိတယ်။ အခု အိမ်ငှားနေထိုင်ခွင့် ကန့်သတ်လာတော့ နယ်စပ်ကုန်သည်တွေအပေါ် ပိုပြီးထိခိုက်လာနိုင်တယ်။ စစ်ရှောင်တွေက Camp တွေမှာ နေကြတာဆိုတော့ သိပ်တော့ မသက်ရောက်နိုင်ပေမဲ့ ကုန်သည်တွေက အဲဒီမှာ အခြေချ နေထိုင်ပြီး ကုန်သွယ်ကြတာလည်းရှိကြတယ်။ အခု အိမ်ငှားနေထိုင်ခွင့်တွေ ကန့်သတ်ပိတ်ပင်လာတော့ ဟိုတယ်တွေ၊ တည်းခိုခန်းတွေဟာ ပေးနေဖို့ဆိုတာ မလွယ်ဘူးလေ။ ဘယ်လို ပေါ်လစီ အပြောင်းအလဲတွေ ဖြစ်လာမလဲ စောင့်ကြည့်ရဦးမယ်။”
လောင်တလိုင်ခရိုင်ဟာ အိန္ဒိယ-ရခိုင် နယ်စပ်ကုန်သွယ်ရေးမှာ အဓိက အချက်အချာကျတဲ့ မြို့နယ် တခုဖြစ်ပြီး ကုန်သည်တွေနဲ့ စည်းကားတဲ့ မြို့နယ်တခုလည်းဖြစ်ပါတယ်။
လောင်တလိုင်ခရိုင်အတွင်း နိုင်ငံခြားသားတွေ အိမ်ငှားနေထိုင်ခွင့်ကို ပိတ်ပင်ထားသလို စာရွက် စာတမ်း ပြုလုပ်ပြီး ဝင်ရောက်တာ၊ နေထိုင်တာတွေကိုလည်း ဥပဒေအရ အရေးယူသွားဖို့ ခရိုင်အုပ်ချုပ်ရေးမှူးက ညွှန့်ကြားထားတယ်လို့ သိရပါတယ်။
ချင်းပြည်နယ်က စစ်ဘေးရှောင်တွေဟာ ၂၀၂၁ ခုနှစ်ကတည်းက မီဇိုရမ်ပြည်နယ်ထဲ စစ်ဘေး တိမ်းရှောင်နေကြရတာဖြစ်သလို ရခိုင်က နယ်စပ်ကုန်သည်တွေဟာလည်း ၂၀၂၄ ခုနှစ်ကတည်းက ကုန်သွယ်မှု ပြုလုပ်ပြီး မီဇိုရမ်ပြည်နယ်ဘက်တွေမှာ အခြေချ နေထိုင်နေကြတာလည်း ဖြစ်ပါတယ်။
၂၀၂၃ ခုနှစ် ရခိုင်မှာ မြို့သိမ်းတိုက်ပွဲတွေစတင်ဖြစ်ကတည်းက စစ်အာဏာရှင်တပ်က ရခိုင်ကို ကုန်စည်စီးဆင်းခွင့် ကန့်သတ်လိုက်ပြီးနောက် ရခိုင်ပြည်နယ်အတွက် လိုအပ်တဲ့ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ စက်သုံးဆီတွေကို မီဇိုရမ်းပြည်နယ်က အဓိက ကုန်သွယ်မှု ပြုလုပ်နေကြရတာလည်း ဖြစ်ပါတယ်။











