
အကျဉ်းချခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး အထူး ကောင်းမွန်ကြောင်းနဲ့ ပြစ်ဒဏ်ကျခံနေရသူဖြစ်လို့ အာဆီယံအထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံခွင့်မ ပေးနိုင်ကြောင်း စစ်အာဏာရှင် ပြောခွင့်ရသူရဲ့ ပြောဆိုချက်ဟာ နိုင်ငံတကာအကျဉ်းသားဆိုင်ရာ စံနှုန်းတွေနဲ့ မကိုက်ညီကြောင်း ဥပဒေပညာရှင်တွေက ပြောပါတယ်။
စစ်အာဏာရှင်အစိုးရရဲ့ ဇွန် ၃၀ ရက်မှာပြုလုပ်ခဲ့တဲ့ သမ္မတရုံး သတင်းစာရှင်းလင်းပွဲကနေ ပြောခွင့်ရသူ ဒေါ်ခိုင်ခိုင်စိုးက ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး အထူးကောင်းမွန်ကြောင်းနဲ့ ဆေးဝါးစစ်ဆေးကုသမှုတွေ ပုံမှန်လုပ်ပေးနေကြောင်းတွေ ပြောဆိုခဲ့သလို ပြစ်ဒဏ်ကျနေရသူဖြစ်လို့ အာဆီယံအထူး ကိုယ်စားလှယ်နဲ့လည်း တွေ့ဆုံခွင့်မပေးနိုင်ကြောင်း မီဒီယာတွေရဲ့မေးခွန်းကို ပြန်လည်ဖြေကြား ခဲ့တာပါ၊
ကုလသမဂ္ဂရဲ့ နယ်လ်ဆင် မင်ဒဲလား စည်းမျဉ်း လမ်းညွှန်ချက်စံနှုန်းတွေအရ အကျဉ်းသားတွေက မိသားစု၊ ပြင်ပလောကနဲ့ ဆက်သွယ်ခွင့်၊ စာပေးစာယူခွင့်နဲ့ တွေ့ဆုံခွင့် ရရှိရမှာဖြစ်ပါတယ်၊ ဒီအခွင့်အရေးတွေကို ကန့်သတ်မယ်ဆိုရင် ဥပဒေနဲ့အညီ၊ လိုအပ်သလောက်သာ ကန့်သတ် ရမည် ဖြစ်ကြောင်း ပြဋ္ဌာန်းထားပါတယ်။
မြန်မာနိုင်ငံကလည်း ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံဖြစ်တာကြောင့် အပြည်ပြည်ဆိုင်ရာ ဓလေ့ထုံးတမ်း ဥပဒေအရ အခြေခံစံနှုန်းတွေကို လေးစားလိုက်နာဖို့ တာဝန်ရှိကြောင်း ကန့်သတ်ထားမယ်ဆိုရင် နိုင်ငံတကာအကျဉ်းသားဆိုင်ရာ စံနှုန်းတွေနဲ့ ကိုက်ညီမှု မရှိကြောင်း ဥပဒေပညာရှင်တွေက ထောက်ပြပါတယ်။
တရားလွှတ်တော်ရှေ့နေ့ ဒေါ်ဇာလီအေးက “အကျဉ်းထောင် လက်စွဲထဲမှာဆိုရင်တောင်မှ အကျဉ်းသူ အကျဉ်းသားရဲ့ မိသားစုဝင်တွေ မိတ်ဆွေတွေနဲ့ တွေ့ဆုံချင်တယ်ဆိုရင် တွေ့ဆုံခွင့်ကို ဖန်တီးပေး ရမှာဖြစ်ပါတယ်။ ဒီမိသားစုဝင်မဟုတ်တဲ့ သူကိုလည်း ပေးမတွေ့ဘူး ဆိုပြီးတော့လည်း ဥပဒေမှာ အတိအကျ အဲ့လိုပြဋ္ဌာန်းထားတာ မရှိပါဘူး။ ပြစ်ဒဏ်ကျခံနေရတဲ့သူတွေကို ဒီနိုင်ငံတကာ သံတမန်တွေနဲ့သော်လည်းကောင်း၊ အာဆီယံကိုယ်စားလှယ်တွေနဲ့သော်လည်းကောင်း တွေ့ဆုံခွင့် မပေးဘူးဆိုတာကကျတော့ ဥပဒေအရ တားမြစ်ထားတာမဟုတ်ဘဲနဲ့ အာဏာပိုင်က ခွင့်မပြုလို့ ပေးမတွေ့ဘူး ဆိုရင်တော့ ပိုပြီးတော့မှ ယထာဘူတကျတယ်လို့ ကျမအနေနဲ့ မှတ်ချက်ပြုချင် ပါတယ်ရှင့်။ အကျဉ်းသားတဦးကို ဒီပြင်ပနဲ့ ဆက်သွယ်ခွင့်ကို တတ်နိုင်သမျှ ပံ့ပိုးကူညီ ဆောင်ရွက်ပေးရမယ်လို့ပဲ ပါပါတယ်ရှင့်။ အကယ်၍ပေါ့နော် ဒီ Incommunicado ပေါ့ ပြင်ပနဲ့ ဆက်သွယ်ခွင့်ကို ပိတ်ပင်တားဆီးထားတယ်ဆိုရင်တော့ ဒါက နိုင်ငံတကာ စံချိန်စံညွှန်း သော်လည်းကောင်း၊ နိုင်ငံတကာ ဥပဒေ သော်လည်းကောင်း ချိုးဖောက်ရာလည်း ကျပါတယ်” လို့ ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်း အတည်ပြုပေးဖို့ တောင်းဆိုနေကြတဲ့ Proof of Life ကမ်ပိန်းကလည်း ဆက်လက်လှုပ်ရှားနေပြီး၊ သားဖြစ်သူ ကင်မ်အဲရစ်အပါအဝင် ပြည်တွင်း ပြည်ပ ထောက်ခံသူတွေကလည်း တွေ့ဆုံခွင့်ရရှိရေးကို ဆက်တိုက်တောင်းဆိုနေကြ ပါတယ်။
Proof of Life ကန်ပိန်း ပါဝင်လှုပ်ရှားသူတယောက်က “ပြီးခဲ့တဲ့ရက်က ကိုထိန်လင်းက သူ့ရဲ့ မိခင်ဟာ ကျန်းမာရေးအခြေအနေ ဆိုးရွားနေတယ်ဆိုပြီးတော့ ဒီနိုင်ငံတကာမှာ ထုတ်ဖော် ပြောကြားတဲ့ အချိန်မှာပဲ လိမ်ခွင့်ရပုဂ္ဂိုလ်တို့ကပေါ့နော် သတင်းစာရှင်းလင်းပွဲလုပ်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းတယ်၊ စစ်ဆေးပေးတယ်ဆိုတဲ့ ဗြောင်လိမ်ဗြောင်စား စကားလုံးတွေကိုသုံးပြီးတော့ လုပ်လာတာကို တွေ့ရပါတယ်ရှင့်။ ဒီအပေါ်မှာ ကျမတို့က ယုံကြည်မှုမရှိဘူး။ ကျမတို့ ပြုလုပ်နေတဲ့ ဒီ Proof of Life ကမ်ပိန်းရဲ့ ရည်ရွယ်ချက်ကတော့ ရှင်းပါတယ်။ ကျမတို့ရဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာကြောင်း၊ သက်ရှိထင်ရှားရှိကြောင်း၊ ပြီးတော့ သူ့ရဲ့ မိသားစုဝင်ဖြစ်တဲ့ ကိုထိန်လင်းနဲ့ တွေ့ဆုံခွင့်ပေးဖို့၊ ပြီးရင် နိုင်ငံတကာက ဒီတောင်းဆိုထားတဲ့သူတွေ၊ အာဆီယံအဖွဲ့ဝင်အနေနဲ့ တွေ့ဆုံပေးဖို့ စစ်အာဏာရှင် ဘက်က မလုပ်ပေးမချင်း ကျမတို့ကတော့ ရပ်တန့်သွားမှာ မဟုတ်ပါဘူး”လို့ ပြောပါတယ်။
အာဆီယံဥက္ကဋ္ဌ အထူးသံတမန် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက လူထုခေါင်းဆောင်နဲ့ တွေ့ဆုံခွင့် တောင်းဆိုခဲ့ပေမဲ့ စစ်အာဏာရှင်ဘက်က ပယ်ချခဲ့တာကြောင့် ဇွန် ၃၀ ရက်မှာပဲ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဌာနက ဒေါ်အောင်ဆန်းစုကြည်အပါအဝင် တခြားနိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ ထပ်မံတောင်းဆိုခဲ့ပါသေးတယ်။
ဒါ့အပြင် အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်နိုင်ဖို့ အဓိပ္ပာယ် ပြည့်ဝတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ လိုအပ်ကြောင်းကိုလည်း အလေးပေးပြောဆို ထားပါတယ်။
ဝေဝေ











