DVB Logo
Home
မြန်မာသတင်း
မုံရွာတွင် ၁၀ နှစ်အရွယ် တူမအရင်းကို ဦးလေးက အဓမ္မပြုကျင့်
DVB
·
June 4, 2018
မုံရွာတွင် ၁၀ နှစ်အရွယ် တူမအရင်းကို ဦးလေးက အဓမ္မပြုကျင့်
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အလုံရပ်ကွက်၊ ရွှေတံခါးနယ်မြေမှာ ဇွန်လ ၂ ရက်နေ့ ညနေပိုင်းက ၁၀ နှစ်အရွယ် တူမအရင်းကို ဦးလေးဖြစ်သူက အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

မိခင်ဖြစ်သူက သမီးဖြစ်သူကို ဆပ်ပြာမှုန့်ထုပ် အဝယ်ခိုင်းရာကနေ ပြန်ရောက်မလာတဲ့အတွက် လိုက်ရှာတာ မတွေ့လို့ အိမ်ပြန်ပြီး သမီးအငယ်ကို ရေချိုးပေးနေတုန်း သမီးဖြစ်သူ အဝတ်အစားတွေ ပေပွလျက် ပြန်လည်ရောက်ရှိလာလို့ မေးမြန်းရာမှ မတ်တော်စပ်သူ အသက် ၂၅ နှစ်အရွယ် အောင်အောင် ဆိုသူက သာမယားအဖြစ်ပြုကျင့်ခဲ့တယ်လို့ သိရတဲ့အတွက် ရဲစခန်းမှာ အမှုဖွင့်ခဲ့ကြောင်းသိရပါတယ်။

“ဖြစ်တာက ၂ ရက်နေ့က ညနေပိုင်းမှာဖြစ်တာ။ အမှုဖွင့်တာတော့ ၃ ရက်နေ့မှ ဖွင့်တာပေါ့။ တရားခံလည်း ဖမ်းမိထားပါပြီ။ စစ်ဆေးချက်အရလည်း ကျူးလွန်တဲ့အကြောင်း ဝန်ခံပါတယ်။ ကလေးကို ဆေးစစ်ကြည့်တော့လည်း မအင်္ဂါအတွင်းမှာ သုတ်ပိုး တွေ့ရှိရတယ်ပေါ့။ ဒီအမှုကိုတော့ လောလောဆယ် ရမန်ယူထားတယ်။ ခရိုင်တရားရုံးကိုပဲ ဦးတိုက်လျှောက်ရမှာပါ" လို့ မုံရွာမြို့မရဲစခန်း စခန်းမှုး ဒုရဲမှူး ကျင်စိန်က ပြောပါတယ်။

တူမကို သားမယားပြုကျင့်ခဲ့တဲ့ အောင်အောင် ဆိုသူက မိဘတွေနဲ့အတူ နေထိုင်တာဖြစ်ပြီး အစ်ကိုမိသားစုကလည်း အဲဒီဝင်းထဲမှာပဲ အိမ်ခွဲနေထိုင်တာလို့ သိရပါတယ်။

မုံရွာမြို့မရဲစခန်းက ပြစ်မှုကျူးလွန်သူ အောင်အောင်ကို ရာဇသတ်ကြီးပုဒ်မ - ၃၇၆ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

အခုဖြစ်စဉ်အပါအဝင် မုံရွာမြို့မရဲစခန်းအပိုင်ရိယာအတွင်း ၂၀၁၈ ခုနှစ်မှာ သက်ငယ်မုဒိမ်းမှု ၃ မှုရှိပြီဖြစ်ပါတယ်။

ဒါပေမယ့် အရင်ဖြစ်ခဲ့တဲ့ ၂ မှုကတော့ အလိုတူ ခိုးရာလိုက်ပြေးလို့ဖြစ်ခဲ့ပေမယ့် အသက်မပြည့်သေးတဲ့အတွက် သက်ငယ်မုဒိမ်းနဲ့ပဲ လာရောက်အမှုဖွင့်ထား တာဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အမှုကြီး ၁၀ မျိုးဖြစ်ပွားမှုမှာ ၂၀၁၇-၁၈ ခုနှစ်အတွင်း ၃၄၄ မှု၊ အခြားအမှု ၁၀ မျိုးအနေနဲ့ ၆၉၂၂ မှုနဲ့ ကြိုတင်ကာကွယ်မှု ၉၁၃၀ မှုရှိခဲ့ပြီး အရင်နှစ်ကထက် ဖြစ်ပွားမှုနှုန်း သိသိသာသာမြင့်တက်ခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013