
တရုတ်အစိုးရက ဖမ်းဆီးထားတဲ့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) အမှုဆောင်ဒါရိုက်တာ ဦးမင်းဇင်ကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ISP-Myanmar က ဒီကနေ့ ထုတ်ပြန်ချက်ထုတ်ပြီး တောင်းဆိုလိုက်ပါတယ်။
မြန်မာ့နိုင်ငံရေးကို လေ့လာ သုတေသနပြုနေတဲ့ အမေရိကန်နိုင်ငံသား ဦးမင်းဇင်ကို သူလျှိုမှု သံသယနဲ့ ဖမ်းဆီးထားတာလို့ တရုတ်ရဲ့ နိုင်ငံခြားဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဇွန် ၁၂ ရက်က ပြောကြားခဲ့တာပါ။
ISP-Myanmar ကတော့ အထောက်အထားမဲ့ အခြေအမြစ်မရှိ စွပ်စွဲချက်မှန်သမျှကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဖွဲ့အစည်းအနေနဲ့ လွတ်လပ်သော သုတေသနအဖွဲ့အဖြစ် ဆက်လက်ရပ်တည်ပြီး အများပြည်သူ အကျိုးပြု သုံးသပ်ချက်တွေကို ဆက်လက်ထုတ်ဝေသွားမှာဖြစ်သလို ခြိမ်းခြောက် ဖိအားပေးမှုတွေ မခံရဘဲ လွတ်လပ်စွာ သုတေသနပြုခွင့်ရဖို့ဟာ ပညာရပ်ဆိုင်ရာ အဖွဲ့အစည်းတွေအတွက် အလွန်အရေးကြီးကြောင်းလည်း အလေးအနက် ထုတ်ပြန်ထားပါတယ်။
ISP-Myanmar ရဲ့ အမှုဆောင်ဒါရိုက်တာ ဦးမင်းဇင်ဟာ တရုတ်နိုင်ငံ ကူမင်းမြို့က ပညာရပ်ဆိုင်ရာ ဆွေးနွေးပွဲကို သွားရောက်စဉ်မှာ ဇွန်လဆန်းပိုင်းက တရုတ်အာဏာပိုင်တွေရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရတာပါ။










