
အာဆီယံအလှည့်ကျဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ပြုဖို့ ဒေါ်အောင်ဆန်းစုကြည်ကို သူ့ရဲ့မိသားစုနဲ့ ဆက်သွယ်ခွင့်ပြုဖို့ ဖိလစ်ပိုင် နိုင်ငံခြားရေးဌာနက မေ ၆ ရက် ဒီကနေ့မှာ ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
ကဆုန်လပြည့်နေ့ (ဗုဒ္ဓနေ့) အထိမ်းအမှတ်အဖြစ် နိုင်ငံရေးအကျဉ်းသား ၁,၅၀၀ ကျော်ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခဲ့တာနဲ့အတူ ဒေါ်အောင်ဆန်းစုကြည်ကို သတ်မှတ် နေအိမ်တလုံးမှာ ပြောင်းရွှေ့လိုက်ပြီး ပြစ်ဒဏ်တချို့ကို လျှော့ပေါ့ပေးလိုက်တာကို ကြိုဆိုတယ်လို့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ဒီလို ဖြစ်ပေါ်တိုးတက်မှုတွေဟာ မြန်မာနိုင်ငံရဲ့ ရေရှည်တည်ငြိမ်ရေးအတွက် လိုအပ်တဲ့ ယုံကြည်မှုတည်ဆောက်ရေး လုပ်ငန်းစဉ်တွေမှာ အရေးပါတဲ့ခြေလှမ်း ဖြစ်တယ်လို့ ဆိုပါတယ်။
နိုင်ငံတကာရဲ့ ယုံကြည်မှုကို ပိုမိုခိုင်မာစေဖို့ ဒေါ်အောင်ဆန်းစုကြည်ကို သူ့ရဲ့မိသားစုနဲ့ ဆက်သွယ်ခွင့်ပြုခြင်းဖြင့် အခုလို နေအိမ်မှာပြောင်းရွှေ့မှုအပေါ် ပွင့်လင်းမြင်သာမှုရှိစွာ ဆောင်ရွက်ဖို့ စစ်အာဏာရှင်ကို တိုက်တွန်းလိုက်ပြီး ဒီလို ဆောင်ရွက်တာဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးအပေါ် စစ်မှန်တဲ့ ကတိကဝတ်ပြုမှုကို ပြသရာရောက်မယ်လို့ ဖိလစ်ပိုင်က ဆိုပါတယ်။
ဒါ့အပြင် အာဆီယံအလှည့်ကျဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ခေတ္တတွေ့ဆုံခွင့်ရရှိရေး တောင်းဆိုချက်ကို မြန်မာဘက်က ခွင့်ပြုလိမ့်မယ်လို့ မျှော်လင့်ကြောင်းနဲ့ ဒါမှသာ အားလုံးပါဝင်နိုင်တဲ့ နိုင်ငံအဆင့် ဆွေးနွေးပွဲတွေ ဖြစ်ပေါ်လာစေဖို့ သက်ဆိုင်သူတွေနဲ့ အဖွဲ့အစည်းများအားလုံးနဲ့ ထိတွေ့ဆက်ဆံရမဲ့ အထူးသံတမန်ရဲ့ တာဝန်ဝတ္တရားတွေနဲ့ ကိုက်ညီမှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
လတ်တလော ဖြစ်ပေါ်တိုးတက်မှုတွေဟာ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို အပြည့်အဝနဲ့ ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် မြန်မာနိုင်ငံအနေနဲ့ ခိုင်မာတဲ့ ကြိုးပမ်းမှုတွေကို ဆက်လက်ပြသဖို့ အရှိန်အဟုန်ကောင်းတရပ်ဖြစ်တဲ့အပြင် မြန်မာနိုင်ငံကိုယ်တိုင် ဦးဆောင်ပြီး မြန်မာနိုင်ငံကသာ ပိုင်ဆိုင်တဲ့ အမျိုးသားငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးဆိုင်ရာ အဖြေရှာမှုတွေမှာ ပါဝင်နိုင်ဖို့ အထောက်အကူပြုစေမယ်လို့ ထောက်ပြထားပါတယ်။
လက်ရှိ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ဖြစ်တဲ့ ဖိလစ်ပိုင်ဟာ အခုလမှာ ကျင်းပဖို့ရှိတဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ် အစည်းအဝေးတွေကို အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ ရှိနေတာ ဖြစ်ပြီး မြန်မာစစ်အာဏာရှင် ခေါင်းဆောင်ကလည်း ဒီအစည်းအဝေးတက်ခွင့်ရဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။
စစ်တပ်ပါတီဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီအနိုင်ရရှိခဲ့တဲ့ မြန်မာနိုင်ငံရဲ့ လတ်တလော ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုခြင်း ရှိ၊ မရှိနဲ့ ပတ်သက်လို့ အာဆီယံအဖွဲ့အတွင်း အခုအချိန်ထိ ဘုံသဘောတူညီချက် မရရှိသေးဘူးလို့လည်း အာဆီယံပြောရေးဆိုခွင့်ရှိသူ ဒိုမီနစ်ဇေးဗီးယား အင်မ်ပီးရီးယယ်လ်က ပြောပါတယ်။
၄၈ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးများဆိုင်ရာ သတင်းစာရှင်းလင်းပွဲကို ဖိလစ်ပိုင်နိုင်ငံ လာပူးလာပူးမြို့မှာဒီနေ့ ကျင်းပရာမှာ အင်မ်ပီးရီးယယ်လ်က မြန်မာနဲ့ ဆက်ဆံရေးနဲ့ ပတ်သက်လို့ အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေ အကြား ဆက်လက် ဆွေးနွေးညှိနှိုင်းနေတယ်လို့ ပြောဆိုခဲ့တာပါ။
အင်မ်ပီးရီးယယ်လ်က "ရွေးကောက်ပွဲရလဒ်တွေ အပါအဝင် မြန်မာ့အရေးနဲ့ ပတ်သက်တဲ့ မေးခွန်းအပေါ် ပြောရမယ်ဆိုရင်၊ အားလုံးသိကြတဲ့အတိုင်း လက်ရှိအချိန်မှာ မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုဖို့နဲ့ ပတ်သက်ပြီး အာဆီယံအတွင်းမှာ ဘယ်လို ဘုံသဘောတူညီချက်မှ မရရှိသေးပါဘူး"လို့ ပြောပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို သတ်မှတ်နေအိမ်တအိမ်မှာ ပြောင်းရွှေ့အကျဉ်းချထားတယ်ဆိုတဲ့ စစ်အာဏာရှင်ရဲ့ ကြေညာချက်နဲ့ ဓာတ်ပုံတပုံ ပေါ်ထွက်လာပြီးနောက်မှာ ပြည်သူတွေအကြား စိုးရိမ်ပူပန်မှုတွေ ပိုတိုးလာနေသလို ယူကေနဲ့ ဩစတြေးလျတို့ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို မိသားစုနဲ့ ဆက်သွယ်ခွင့်ပေးဖို့နဲ့ အသက်ရှင် ကျန်းမာနေကြောင်း အတည်ပြုပေးဖို့ ဒီကနေ့ ထပ်မံ ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကင်မ်အဲရစ်ကလည်း မိခင်ဖြစ်သူ အသက်ရှင်နေကြောင်း သက်သေပြပေးဖို့ တောင်းဆိုတဲ့ “Proof of Life” လှုပ်ရှားမှုကို ဦးဆောင် ပြုလုပ်နေတာမှာ ကမ္ဘာတဝန်းက မြန်မာပြည်သူတွေ လည်း ပူးပေါင်းပါဝင်နေကြပါတယ်။










