DVB Logo
Home
Lead Story
၂၀၂၆ ခုနှစ် သတင်းစာပညာဆိုင်ရာ သတ္တိရှင်ဆု မြန်မာအမျိုးသမီးသတင်းထောက် ၁ ဦး ရရှိ 
မြတ်နိုးအောင်
·
May 16, 2026
Photo: IWMF
Photo: IWMF
Donate to DVB

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးမီဒီယာဖောင်ဒေးရှင်း (IWMF) က ရွေးချယ်ချီးမြှင့်တဲ့ ၂၀၂၆ ခုနှစ်အတွက် သတင်းစာပညာဆိုင်ရာ သတ္တိရှင်ဆု ရရှိသူတွေမှာ မြန်မာအမျိုးသမီးသတင်းထောက်တယောက်လည်း ပါဝင်တယ်လို့ ထုတ်ပြန်ပါတယ်။

IWMF ရဲ့ သတင်းစာပညာဆိုင်ရာ သတ္တိရှင်ဆုဟာ သတင်းလောကရဲ့ သတ္တိရှိမှုအတွက် စံနမူနာပြဆုတခု ဖြစ်သလို ဒီဂုဏ်ပြုဆုဟာ အမှန်တရားကို ဖော်ထုတ်ဖို့အတွက် တိုက်ခိုက်ခံရမှုတွေ၊ ခြိမ်းခြောက်မှုတွေ၊ နိုင်ငံရေးအရ ဖိနှိပ်မှုတွေနဲ့ ထောင်သွင်းအကျဉ်းချခံရမှုတွေအပါအဝင် အလွန်အမင်း ခက်ခဲတဲ့ အခြေအနေတွေကို ရင်ဆိုင်ကျော်ဖြတ်နေရတဲ့ ထူးချွန်တဲ့ အမျိုးသမီးသတင်းထောက်တွေကို အသိအမှတ်ပြု ချီးမြှင့်တာ ဖြစ်ပါတယ်။

၂၀၂၆ ခုနှစ်အတွက် ဆုရရှိသူတွေထဲမှာတော့ အီရန်နိုင်ငံက ညီအစ်မ ၂ ယောက် ဖြစ်တဲ့ သတင်းထောက် အီလာဟေးနဲ့ အယ်လ်နက်ဇ် မိုဟာမဒီ၊ အမေရိကန်နိုင်ငံက ရုပ်သံသတင်းထောက် ဂျော်ဂျီယာ ဖို့ထ်နဲ့ မြန်မာနိုင်ငံအတွင်းကနေ သတင်းပို့နေတဲ့ နေမင်းနီ ကလောင်အမည်နဲ့ သတင်းထောက်တို့ ပါဝင်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော််ပြပါတယ်။ 

ဒါ့အပြင် ဖိလစ်ပိုင်နိုင်ငံက အစိုးရရဲ့ အကြမ်းဖက်မှုတွေကို သတင်းရေးသားရင်း မတရားဖမ်းဆီး ထောင်သွင်းအကျဉ်းချခံထားရတဲ့ သတင်းထောက် ဖရန်ချီမယ့်ကမ်ပီယိုကိုတော့ မတရားဖမ်းဆီးခံထားရတဲ့ သတင်းထောက်တွေကို ချီးမြှင့်လေ့ရှိတဲ့ ၂၀၂၆ ခုနှစ်အတွက် Wallis Annenberg Justice for Women Journalists Award ဆုကို ချီးမြှင့်လိုက်ပါတယ်။

နိုင်ငံပေါင်း ၅၃ နိုင်ငံက အဆိုပြုချက်တွေထဲကနေ ရွေးချယ်ခံရတဲ့ ဒီနှစ် ဆုရရှိသူတွေရဲ့ အခြေအနေဟာ ကမ္ဘာတဝန်း ဥပဒေကြောင်းအရ ဖိအားပေးမှု၊ လိင်ကွဲပြားမှုအပေါ် အခြေခံတဲ့ ခြိမ်းခြောက်မှုနဲ့ ဒီဂျစ်တယ်နည်းလမ်းအရ ပစ်မှတ်ထားခံရမှုတွေကြောင့် သတင်းလွတ်လပ်ခွင့် နည်းပါးလာတာကို ပြသနေတယ်လို့လည်း ဆိုပါတယ်။

ဆုရရှိသူ တယောက်ချင်းစီဟာ မတူညီတဲ့ နိုင်ငံရေးစနစ်တွေအောက်မှာ လုပ်ကိုင်နေကြရပေမဲ့ သူတို့အားလုံး ရင်ဆိုင်နေရတဲ့ တူညီတဲ့အချက်ကတော့ သတင်းစာပညာကိုယ်တိုင်က တိုက်ခိုက်ခံရမဲ့ ပစ်မှတ်ဖြစ်လာတာပဲ ဖြစ်တယ်လို့ ဆိုပါတယ်။ 

IWMF ရဲ့ ဥက္ကဋ္ဌ အီလီဆာလီးစ်မူးညို့ဇ်က "အမှန်တရားကို ပြောဆိုတာဟာ ရာဇဝတ်မှုတခုလို သတ်မှတ်ခံလာရတာကြောင့် သတ္တိရှိဖို့ဆိုတာ သတင်းစာပညာရဲ့ အနာဂတ် ဖြစ်လာပါတယ်၊ သတင်းပို့ဖို့ သတ္တိမွေးသူတွေအတွက် သတင်းစာပညာဟာ အပြစ်ပေးခံရမဲ့ လုပ်ရပ်တခုလို ပုံဖော်ခံနေရပါတယ်။ အခုခေါ်ဝေါ်နေကြတဲ့ ရှေ့တန်းဆိုတာဟာလည်း နေရာရွှေ့သွားပါပြီ၊ သတင်းစာပညာကိုယ်တိုင်က အခုဆိုရင် ပစ်မှတ် ဖြစ်နေပါပြီ" လို့ ပြောပါတယ်။

မြန်မာနိုင်ငံက အမျိုးသမီးသတင်းထောက် နေမင်းနီဟာ စစ်အုပ်ချုပ်ရေးအောက်မှာ သတင်းစာပညာကို ရာဇဝတ်မှုလို သတ်မှတ်ထားတဲ့ နိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ ပြည်တွင်းစစ်အကြောင်း သတင်းပို့ပြီးနောက် ပုန်းရှောင်နေရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အမေရိကန်နိုင်ငံက သတင်းထောက် ဂျော်ဂျီယာဟာ အမေရိကန် ဘုရားကျောင်းတခုအတွင်းက ဆန္ဒပြပွဲတခုကို သတင်းယူစဉ်အတွင်း ဖမ်းဆီးခံခဲ့ရပြီး အကြီးလေးဆုံး ပြစ်ဒဏ်တွေနဲ့ ရင်ဆိုင်နေရပါတယ်။

အီရန်က မိုဟာမဒီညီအစ်မကတော့ အီရန်နိုင်ငံရဲ့ တင်းကျပ်တဲ့ ကန့်သတ်မှုတွေကြားက နိုင်ငံတော်ရဲ့ ဖိနှိပ်မှုတွေကို သတင်းမှတ်တမ်းတင်ခဲ့တဲ့အတွက် အကြိမ်ကြိမ် ဖမ်းဆီးထောင်ချခြင်းနဲ့ ပိတ်ပင်ခြင်းတွေကို ခံခဲ့ရတာပါ။

ဖိလစ်ပိုင်နိုင်ငံကဖရန်ချီကတော့ ၂၀၂၀ ခုနှစ်ကတည်းက အငြင်းပွားဖွယ် စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးခံထားရပြီး လူ့အခွင့်အရေးနဲ့ မညီမျှမှုတွေအကြောင်း သတင်းပို့တဲ့အတွက် နိုင်ငံရေးအကျဉ်းသားအဖြစ် အကျဉ်းကျနေဆဲ ဖြစ်ပါတယ်။

ဆုရွေးချယ်ရေးကော်မတီက "မင်နီယာပိုလစ်ကနေ မန္တလေးအထိ၊ တဟီရန်ကနေ တက်ကလိုဘန်အထိ ဒီနှစ်ဆုရသူတွေက ဖော်ပြနေတဲ့ တူညီတဲ့ အမှန်တရားကတော့ သတင်းလွတ်လပ်ခွင့်ဟာ ဘေးနားကနေတင် မဟုတ်ဘဲ ဗဟိုချက်မကနေပါ တိုက်စားခံနေရပြီး အမျိုးသမီးတွေကတော့ ရှေ့တန်းကနေ ရင်ဆိုင်နေရတယ်ဆိုတာပါပဲ" လို့ မှတ်ချက်ပြုခဲ့ပါတယ်။

ဒီဆုပေးပွဲကို Bank of America က နှစ်ပေါင်း ၂၀ တိုင်တိုင် ပံ့ပိုးကူညီခဲ့တာဖြစ်ပြီး ၂၀၂၆ ခုနှစ်အတွက် ဆုချီးမြှင့်ပွဲတွေကို လာမဲ့ နိုဝင်ဘာ ၁၀ ရက်မှာ နယူးယောက်မြို့နဲ့ နိုဝင်ဘာ ၁၂ ရက်မှာ လော့စ်အိန်ဂျလိစ်မြို့တို့မှာ ကျင်းပမှာ ဖြစ်ပါတယ်။ 

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013