
အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့မှာ မတ် ၃၁ ရက်က အမေရိကန် အမျိုးသမီးသတင်းထောက်တယောက် ပြန်ပေးဆွဲခံလိုက်ရပြီး အာဏာပိုင်တွေက မြို့အနှံ့ လိုက်လံရှာဖွေနေတယ်လို့ ရဲအရာရှိ ၂ ယောက်က ပြောပါတယ်။
ရဲအရာရှိတွေရဲ့ အဆိုအရ ပြန်ပေးဆွဲခံရသူဟာ ရှယ်လီကစ်တဲလ်ဆန် ဖြစ်ပြီး၊ သူ့ကို အရပ်ဝတ် ဝတ်ထားတဲ့ အမျိုးသား ၄ ယောက်က ကားတစီးနဲ့ ဖမ်းဆီးခေါ်ဆောင်သွားတာလို့ ဆိုပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိတယောက်ကလည်း ဘဂ္ဂဒက်မှာ အမေရိကန် သတင်းထောက်တယောက် ပြန်ပေးဆွဲခံရတဲ့သတင်းကို သိရှိထားကြောင်းနဲ့ အရင်ကတည်းက သတိပေးချက်တွေ ထုတ်ပြန်ထားခဲ့ဖူးတယ်လို့ ဆိုပါတယ်။
ကမ္ဘာလုံးဆိုင်ရာ လူထုဆက်ဆံရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဒိုင်လန်ဂျွန်ဆင်က “နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ နိုင်ငံသားတွေကို ခြိမ်းခြောက်မှုတွေ ရှိနေတဲ့အကြောင်း အရင်ကတည်းက သတိပေးရမဲ့ တာဝန်အတိုင်း လုပ်ဆောင်ခဲ့ပြီးပါပြီ။ သူ့ကို အမြန်ဆုံး ပြန်လွတ်မြောက်လာစေဖို့ FBI နဲ့ ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမှာပါ” လို့ X လူမှုကွန်ရက်မှာ ရေးပါတယ်။
ပြန်ပေးဆွဲမှုမှာ ပါဝင်ပတ်သက်တယ်လို့ ယူဆရတဲ့ အီရန်မဟာမိတ် ခါတစ်ဘ်ဟစ်ဇ်ဘာလာ စစ်သွေးကြွအဖွဲ့နဲ့ ဆက်နွှယ်မှုရှိတဲ့ လူတယောက်ကို အီရတ်အာဏာပိုင်တွေကဖမ်းဆီး ထိန်းသိမ်းထားတယ် လို့လည်း ဆိုပါတယ်။
အီရတ်ဟာ ခရီးသွားလာရေးသတိပေးချက် အဆင့် ၄ မှာ ရှိနေဆဲဖြစ်ပြီး အမေရိကန်တွေအနေနဲ့ ဘာအကြောင်းကြောင့်နဲ့ အီရတ်ကို မသွားဖို့နဲ့ အခုပဲ အီရတ်ကနေ ထွက်ခွာဖို့လည်း အကြံပြုထားပါတယ်။
သတင်းထောက်တွေ အပါအဝင် အမေရိကန်နိုင်ငံသားအားလုံးအနေနဲ့ ခရီးသွားလာရေး သတိပေးချက်အားလုံးကို လိုက်နာကြဖို့လည်း နိုင်ငံခြားရေးဌာနက အလေးအနက် အကြံပြုထားကြောင်း ရေးသားထားပါတယ်။
Source: Reuters










