
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို သတ်မှတ်နေအိမ်တအိမ်မှာ ပြောင်းရွှေ့အကျဉ်းချထားတယ် ဆိုတဲ့ စစ်အာဏာရှင်ရဲ့ ကြေညာချက်အပြီးမှာတော့ ယူကေနဲ့ ဩစတြေးလျတို့က ဒေါ်အောင်ဆန်းစုကြည်ကို မိသားစုနဲ့ ဆက်သွယ်ခွင့်ပေးဖို့နဲ့ အသက်ရှင် ကျန်းမာနေကြောင်း အတည်ပြုပေးဖို့ ထပ်မံ ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။
ယူကေနိုင်ငံ၊ အင်ဒို-ပစိဖိတ်ရေးရာဝန်ကြီး စီမာမာလ်ဟိုးထရားက ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်ပြောင်းရွှေ့တာက ပထမခြေလှမ်းဖြစ်ပြီး ကြိုဆိုကြောင်းနဲ့ ဒေါ်အောင်စုကြည်ရဲ့ ကျန်းမာရေး အခြေအနေတွေကို စိတ်ပူပန်နေတာကြောင့် အမြန်ဆုံး အတည်ပြုချက်ပေးဖို့ စောင့်မျှော်နေကြောင်းနဲ့ ဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို ပြန်လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်၊
မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးက ထုတ်ပြန်မှာတော့ “ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့ထားကြောင်း ကြေညာချက်ကို ပထမဆုံးခြေလှမ်းတခုအဖြစ် ကျမတို့ ကြိုဆိုပါတယ်။ သို့သော် ဒါဟာ သူ့ကို ခြွင်းချက်မရှိ လွှတ်ပေးဖို့ ဦးတည်တဲ့ လမ်းကြောင်းပေါ်က ခြေလှမ်းတခု ဖြစ်ရပါမယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးနဲ့ အဘက်ဘက်သော အခြေအနေတွေအပေါ် ကျမတို့ စိုးရိမ်ပူပန်နေဆဲဖြစ်ပြီး ထိုအခြေအနေတွေအတွက် အမြန်ဆုံး အတည်ပြုချက်ရရှိဖို့ စောင့်မျှော်လျက်ရှိပါတယ်။ ဒါ့အပြင် မတရားသဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသူ အားလုံးကို ပြန်လွှတ်ပေးဖို့ကိုလည်း တောင်းဆိုပါတယ်” လို့ ရေးသားတောင်းဆိုထားပါတယ်၊
မြန်မာနိုင်ငံဆိုင်ရာ ဩစတြေးလျသံရုံးကလည်း ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်သို့ ပြောင်းရွှေ့တဲ့သတင်းကို ကြားသိရသလို မိသားစုတွေ ရှေ့နေတွေနဲ့ ဆက်သွယ်ခွင့်ပေးဖို့နဲ့ သင့်လျော်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတို့ ရရှိနေဖို့ မျှော်လင့်ကြောင်း ဖော်ပြထားပြီး ခြွင်းချက်မရှိ လွှတ်ပေးဖို့နဲ့ မတရားထိန်းသိမ်းထားသူ အားလုံးကိုလွှတ်ပေးဖို့လည်း ထပ်မံတောင်းဆို ပါတယ်။
ဒါ့အပြင် အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့နဲ့ လူသားချင်းစာနာမှုအကူအညီတွေ အဟန့်အတားမရှိဘဲ လုံခြုံစွာ လက်လှမ်းမီစေဖို့အတွက် သက်ဆိုင်သူတွေ အားလုံးပါဝင်တဲ့ ဆွေနွေးမှုတွေ လုပ်ဆောင်ဖို့ မေ ၆ ရက် မနက်မှာ သံရုံးရဲ့ လူမှုကွန်ရက်ကနေ တဆင့်တောင်းဆိုထားပါတယ်၊
အကျဉ်းချခံနေရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်း ခြွင်းချက်မရှိ လွှတ်ပေးဖို့ ကုလသမဂ္ဂ၊ အမေရိကန်နဲ့ ဂျပန်နိုင်ငံတို့က ဆက်တိုက် တောင်းဆိုနေကြပါတယ်။
လူထုခေါင်းဆောင်ရဲ့ ဓာတ်ပုံထုတ်ပြန်ခဲ့ပြီးနောက် မေ ၂ ရက်မှာလည်း ဥရောပသမဂ္ဂရဲ့ နိုင်ငံခြားရေးနဲ့ လုံခြုံရေးမူဝါဒဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာကောင်းမွန်စေဖို့ အပြည့်အဝ အလေးထားဂရုစိုက်ပေးဖို့နဲ့ မိသားစု၊ ရှေ့နေတွေနဲ့ ပုံမှန်တွေ့ဆုံခွင့်ပေးဖို့ တောင်းဆိုထားပါတယ်။










