
ရန်ကုန်မြို့တော် စည်ပင်နယ်နိမိတ်အတွင်းက ခွေးလေခွေးလွင့်တွေကို စီမံချက်နဲ့ ရှင်းလင်းဖို့ စစ်အာဏာရှင်ခန့် ရန်ကုန်တိုင်းစည်ပင်ဝန်ကြီးကို စစ်အာဏာရှင် ဩဇာခံ ရန်ကုန်တိုင်း လွှတ်တော်ဥက္ကဋ္ဌ ဦးလှဌေးက တိုက်တွန်းပြောပါတယ်။
အောက်တိုဘာ ၂၂ ရက်က ကျင်းပတဲ့ ရန်ကုန်တိုင်းလွှတ်တော်အစည်းအဝေးမှာ သာကေတမြို့နယ် ကိုယ်စားလှယ်အမှတ်(၂) ဦးလှဝင်းမောင်ရဲ့ ခွေးလေခွေးလွင့်တွေ ရှင်းလင်းဖို့ မေးမြန်းတာနဲ့ ပတ်သက်ပြီး လွှတ်တော်ဥက္ကဋ္ဌက ဖြည့်ဆွက်ပြောကြားစဉ်မှာ တိုက်တွန်းခဲ့တာပါ။
ရန်ကုန်လွှတ်တော်ဥက္ကဋ္ဌ ဦးလှဌေးက “ကျနော့်အနေနဲ့တော့ စီမံချက်ကဲ့သို့ ဆောင်ရွက်လိုက်လို့ ရှိရင် လွှတ်တာ်ကိုယ်စားလှယ် တင်ပြတာရော၊ အများပြည်သူက တင်ပြချက်တွေရော ဒီခွေးနှိမ်နှင်းတဲ့၊ ပိုင်ရှင်မဲ့ လေလွင့်ခွေးပေါက်ဖွားမှု ထိန်းချုပ်တာနဲ့ လျော့နည်းအောင် ထိထိရောက်ရောက် လုပ်နိုင်မယ်လို့ ထင်ပါတယ်။ အကြံပြုတင်ပြလိုပါတယ်” လို့ ပြောပါတယ်။
လက်ရှိမှာ ရန်ကုန်မြို့တော်စည်ပင်နယ်နိမိတ်အတွင်းမှာ ခွေးလေခွေးလွင့်တွေ ပေါက်ဖွားမှုနှုန်း မြင့်တက်နေပြီး ပြည်သူလူထုအနေနဲ့ အဲဒီခွေးလေခွေးလွင့်တွေကြောင့် နေ့စဉ် စိတ်အနှောင့်အယှက် ဖြစ်နေရတယ်လို့ မေးခွန်းရှင် ဦးလှဝင်းမောင်က လွှတ်တော်မှာ ပြောသွားပါတယ်။
ဒါ့အပြင် ကျောင်းသား ကျောင်းသူ လူငယ်တွေနဲ့ အများပြည်သူတွေ ခွေးကိုက်ခံရမှုကြောင့် ဆေးရုံတက် ဆေးကုသရတဲ့ အရေအတွက်ဟာ နှစ်စဉ်တိုးလာနေတယ်လို့လည်း သူက အချက်အလက်တွေနဲ့ ပြောပြသွားပါတယ်။
ပြီးခဲ့တဲ့ အစိုးရအဆက်ဆက် လေလွင့်ခွေးရှင်းလင်းရေး စီမံချက်တွေနဲ့ ဖြေရှင်းခဲ့ကြပေမဲ့ ခွေးချစ်သူတွေရဲ့ ဝေဖန်သံတွေကြောင့် အောင်မြင်သင့်သလောက် မအောင်မြင်ဘူးလို့လည်း ဆိုပါတယ်။
လွှတ်တော်အမတ် ဦးလှဝင်းမောင်က “အခု ဒီခွေးလေခွေးလွင့်ကိစ္စဟာ ယခင့်ယခင်ကတည်းက သက်ဆိုင်ရာ အဖွဲ့အစည်းတွေက နည်းမျိုးစုံနဲ့ ရှင်းလင်းသုတ်သင်မှုတွေ ရှိခဲ့ပါတယ်။ ခွေးချစ်သူများရဲ့ အသံများလည်း ရှိခဲ့ပါတယ်။ ဒါပေမဲ့ ဒီခွေးတွေကို တာဝန်ယူ တာဝန်ခံခဲ့တဲ့ အဖွဲ့အစည်း မရှိခဲ့ပါဘူး” လို့ ပြောပါတယ်။
မေးခွန်းနဲ့ပတ်သက်လို့ ရန်ကုန်တိုင်း စည်ပင်ဝန်ကြီး ဦးမျိုးမြင့်အောင်က ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီရဲ့ ခွေးလေခွေးလွင့် ထိန်းချုပ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေတာနဲ့ ပတ်သက်ပြီး လွှတ်တော်မှာ ရှင်းပြခဲ့သလို ရှင်းလင်းရေးလုပ်ငန်းတွေကို စီမံချက်စွဲပြီး လုပ်သွားမယ်လို့လည်း လွှတ်တော်မှာ ပြောသွားပါတယ်။
ဦးမျိုးမြင့်အောင်က “ကျနော်လည်း လွှတ်တာ်ဥက္ကဋ္ဌကြီး လမ်းညွှန်တဲ့အတိုင်း ကျနော်လည်း စီမံချက်စွဲပြီးတော့၊ မြို့နယ်ရွေးချယ်ပြီးတော့၊ အများဆုံးဖြစ်နိုင်တဲ့ နေရာတွမှာ စီမံချက်စွဲပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
ရန်ကုန်မှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၆ ခုနှစ် ၉ လပိုင်းအထိ ခွေးလေခွေးလွင့်တွေကိုက်လို့ ခွေးရူးပျံရောဂါနဲ့ သေဆုံးသူ ၈၄ ယောက်အထိ ရှိတယ်လို့ မေးခွန်းရှင် ဦးလှဝင်းမောင်က လွှတ်တော်မှာ ပြောသွားပါတယ်။
ခွေးလေခွေးလွင့်တွေကိုက်လို့ ၂၀၂၁ ခုနှစ်မှာ ဆေးရုံတက်ရောက်ကုသရသူ ၁,၁၇၆ ယောက်ရှိပြီး သေဆုံးသူ တယောက်၊ ၂၀၂၂ ခုနှစ်မှာ ဆေးရုံတက်ရသူ ၂,၀၁၈ ယောက်နဲ့ သေဆုံးသူ ၂ ယောက်၊ ၂၀၂၃ ခုနှစ်မှာ ဆေးရုံတက်ရသူ ၅,၇၅၃ ယောက်နဲ့ သေဆုံးသူ အယောက် ၂၀ ရှိပါတယ်။
၂၀၂၄ ခုနှစ်မှာ ဆေးရုံတက်ရသူ ၁၅,၅၆၇ ယောက်နဲ့ သေဆုံးသူ ၂၂ ယောက်၊ ၂၀၂၅ ခုနှစ်မှာ ဆေးရုံတက်ရသူ ၂၁,၂၀၆ ယောက်နဲ့ သေဆုံးသူ ၁၈ ယောက် ရှိခဲ့ပြီး ၂၀၂၆ ခုနှစ် ၉ လပိုင်းအထိ ဆေးရုံတက်ရောက် ကုသရသူ ၁၄,၂၀၁ ယောက်နဲ့ သေဆုံး ၂၁ ယောက်အထိ ရှိခဲ့တယ်လို့ ဦးလှဝင်းမောင်ရဲ့ ပြောကြားချက်အရ သိရပါတယ်။











