
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်၊ မုံလှရွာကို စစ်အာဏာရှင်တပ်က ဇူလိုင် ၂၅ ရက် ဒီနေ့ မွန်းလွဲပိုင်းမှာ ဂျိုင်ရိုကော်ပတာ ၃ စင်းနဲ့ ဗုံးကြဲလို့ ဒေသခံအမျိုးသမီးကြီး ၁ ယောက် သေဆုံးပြီး ၂ ယောက် ဒဏ်ရာ ရသွားပါတယ်။
မွန်းလွဲ ၂ နာရီလောက်မှာ မုံရွာမြို့က စစ်တပ်အထိုင်စခန်း နမခ ကနေ လာရောက် ဗုံးကြဲချသွားတာ ဖြစ်တယ်လို့လည်း သိရပါတယ်။
မုံလှဒေသခံတယောက်က “ရွာထဲကိုကြဲချသွားတာ။ ဗုံးသီးက ၃ လုံးကြဲတာ။ အသက် ၆၀ အရွယ် အဖွားအိုတယောက် မီးလောင် သေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်ဗျ။ နောက်ပြီး လူနေအိမ်နဲ့ စပါးကျီတိုက် ၅ လုံး ကျော်နဲ့ ထွန်စက် ၁ စီး၊ ကား ၁ စီးနဲ့ ဆီပေပါ ၁၀ လုံး မီးလောင် ဆုံးရှုံးခဲ့တယ်” လို့ ပြောပါတယ်။
မုံလှရွာဟာ ခင်ဦးနယ်နဲ့ ကန့်ဘလူမြို့နယ်အစပ်မှာရှိပြီး အိမ်ခြေ ၇၅၀ ကျော် ရှိပါတယ်။
ခင်ဦးမြို့နယ် တော်လှန်ရေးအဖွဲ့ ခေါင်းဆောင်တယောက်က “အတော်ကြီးကို သရုပ်ပျက်တဲ့ လုပ်ရပ် ကို စစ်ကောင်စီကလုပ်သွားတာ။ ဘာတိုက်ပွဲမှ မရှိပါဘူး။ လေကြောင်း အသိပေးချက်တွေ ရှိနေလို့ အသေအဆုံးနည်းခဲ့ရတာ။ တိုက်ပွဲဖြစ်လို့ဆိုရင်လည် ထားလိုက်ပါဗျာ။ အခုဟာက တည်နေရာလွဲ တာလည်း မဟုတ်နိုင်ဘူး။ ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိကို သတ်ဖြတ်ဖို့ လေကြောင်းကနေ ဗုံးကြဲတာလို့ပဲ ပြောချင်ပါတယ်” လို့ ပြောပါတယ်။
ဇူလိုင် ၂၄ ရက်က ခင်ဦးမြို့ပေါ်မှာ စစ်အာဏာရှင်တပ်နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။











