DVB Logo
Home
Lead Story
မြန်မာ့ ချာတူးလန် အာဏာရှင်ကို ဘယ်သူမှ မယုံကြည်
DVB
·
April 16, 2026
မြန်မာ့ ချာတူးလန် အာဏာရှင်ကို ဘယ်သူမှ မယုံကြည်
Donate to DVB

မြောက်ကိုရီးယားရဲ့ နိုင်ငံရေးပြဇာတ်တွေလိုပါပဲ။ မြန်မာနိုင်ငံက ချာတူးလန် စစ်အာဏာရှင် မင်းအောင်လှိုင်ဟာ “ဘုရင်စံမြန်းရာနေရာ” လို့ အဓိပ္ပာယ်ရတဲ့ နေပြည်တော်မှာ အရပ်သားသမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုလိုက်ပါတယ်။ အဲဒီ တရားဝင် ကျမ်းသစ္စာကျိန်ဆိုပွဲမှာ သစ္စာခံအရာရှိတွေက အရပ်ပုပု အာဏာရှင်ကို လေးစားအားကျဟန်နဲ့ စိုက်ကြည့်နေခဲ့ကြပါတယ်။

ဒါပေမဲ့ ပြင်ပကမ္ဘာမှာတော့ ဘယ်သူမှ၊ အထူးသဖြင့် မြန်မာပြည်သူ သန်း ၆၀ ကတော့ ဒီလို ပေါတောတောလုပ်ဇာတ်ကို လုံးဝယုံကြည်မှာ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ၁၅ နှစ်အတွင်း မင်းအောင်လှိုင်ဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် တာဝန်ယူခဲ့ပါတယ်။ ကုလသမဂ္ဂက "အကြောက်တရားဖြင့် အုပ်ချုပ်ခြင်း" လို့ သတ်မှတ်ထားတဲ့ အရပ်သားတွေအပေါ် ကျူးလွန်တဲ့ လုပ်ရပ်တွေအတွက် ကိုယ်တိုင် တာဝန်ရှိသူလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၅ နှစ်အတွင်း မင်းအောင်လှိုင်ရဲ့ စစ်တပ်ကြောင့် လူပေါင်းသောင်းနဲ့ချီ ပစ်သတ်ခံခဲ့ရပါတယ်။ ရမ်းသန်းဗုံးကြဲမှုတွေကြောင့် အပိုင်းပိုင်းအစစ သေဆုံးခဲ့ရသလို အတင်းအဓမ္မ ဖျောက်ဖျက်ခံရတာတွေ၊ သေဆုံးတဲ့အထိ နှိပ်စက်သတ်ဖြတ်ခံခဲ့ရတာတွေ ရှိခဲ့တယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။

စစ်တပ်ဟာ မုဒိမ်းမှု အပါအဝင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို စစ်လက်နက်တခုလို၊ ဖိနှိပ်ရေးကိရိယာတခုလို ကျယ်ကျယ်ပြန့်ပြန့်နဲ့ စနစ်တကျ အသုံးပြုခဲ့တယ်လို့ ကုလသမဂ္ဂနဲ့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးမှူးတွေက အခိုင်အမာ ဆိုထားပါတယ်။ မင်းအောင်လှိုင် အုပ်ချုပ်နေစဉ်မှာပဲ ငွေလိမ်လည်တဲ့ လုပ်ငန်းတွေ (ကျားဖြန့်)၊ မူးယစ်ဆေးဝါးနဲ့ လူကုန်ကူးမှုတွေလို စစ်တပ်ကျောထောက်နောက်ခံပြု နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေ ကြီးထွားလာခဲ့ပါတယ်။ တချိန်တည်းမှာပဲ သန်းနဲ့ချီတဲ့ ပြည်သူတွေဟာ ပြည်တွင်းမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးရတာ၊ နယ်စပ်ဖြတ်ကျော် ထွက်ပြေးရတာတွေကြောင့် အရှေ့တောင်အာရှရဲ့ ကြီးထွားလာနေတဲ့ ဒုက္ခသည်အကျပ်အတည်းကို ပိုမိုဆိုးရွားစေခဲ့ပါတယ်။

မင်းအောင်လှိုင်ဟာ ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာလူမျိုးတွေအပေါ် "နယ်မြေရှင်းလင်းရေး" ခေါင်းစဉ်တပ်ပြီး စစ်ဆင်ရေးကို ဖန်တီးခဲ့သူလည်း ဖြစ်ပါတယ်။ ယနေ့တိုင် ဆက်လက်ဖြစ်ပွားနေတဲ့ ဒီ ဂျီနိုဆိုက် သတ်ဖြတ်မှုကြောင့် လူပေါင်း ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ရပါတယ်။ သူ့လက်အောက်က စစ်သားတွေဟာ အစုလိုက် အပြုံလိုက် သတ်ဖြတ်တာ၊ အုပ်စုဖွဲ့ မုဒိမ်းကျင့်တာနဲ့ ရွာလုံးကျွတ် မီးရှို့တာတွေကို ကျူးလွန်ခဲ့ကြပါတယ်။ ခိုင်လုံတဲ့ အထောက်အထားတွေအရ အမျိုးသမီးတွေကို သူတို့ရဲ့ ရပ်ရွာလူထုရှေ့မှာပဲ အုပ်စုဖွဲ့ မုဒိမ်းကျင့်ခဲ့ပါတယ်၊၊ မိသားစုဝင်တွေကို အိမ်ထဲမှာ သော့ခတ်ပိတ်လှောင်ပြီး မီးရှို့တာကို မိဘတွေကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ကြရတယ်။ ကလေးငယ်တွေကို မီးပုံထဲပစ်ထည့်ခဲ့ကြပါတယ်။ ကောင်လေးတွေကိုလည်း ခေါင်းဖြတ်သတ်ခဲ့သလို လက်နက်မဲ့ ထွက်ပြေးနေတဲ့ ဒုက္ခသည်တွေကို ပစ်ခတ်ခဲ့ကြပါတယ်။

နိုင်ငံတော်အဆင့် အကြမ်းဖက်မှုကို ကျူးလွန်ပြီး ဂျီနိုဆိုက်လုပ်ခဲ့တဲ့ မြန်မာအာဏာရှင် မင်းအောင်လှိုင်ကို အရပ်သားသမ္မတအဖြစ် နိုင်ငံတော်အဆင့် အခမ်းအနားနဲ့ ကျမ်းသစ္စာ ကျိန်ဆိုစေတာဟာ မြန်မာပြည်သူတွေနဲ့ တရားဥပဒေစိုးမိုးရေးကို ပေါ်ပေါ်ထင်ထင် စော်ကားလိုက်တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီမိုကရေစီကိုလည်း အကြီးအကျယ် လှောင်ပြောင်လိုက်တာပါပဲ။ မင်းအောင်လှိုင်ရဲ့ အတုအယောင် သမ္မတရာထူးဟာ နိုင်ငံရေးအတိုက်အခံတွေကို ပိတ်ပင်၊ ဖမ်းဆီး၊ နှိပ်စက်ပြီးမှ ကျင်းပခဲ့တဲ့ အတုအယောင် ရွေးကောက်ပွဲကနေ ထွက်ပေါ်လာတာပါ။ အရင်ရွေးကောက်ပွဲတွေတုန်းက အမတ်နေရာ လက်တဆုပ်စာလောက်ပဲ နိုင်ခဲ့တဲ့ စစ်တပ်ကျောထောက်နောက်ခံ USDP ပါတီဟာ ဒီတကြိမ်မှာတော့ တောင်ပြိုကမ်းပြို နိုင်ခဲ့တယ်လို့ စစ်တပ်လိုလားတဲ့ နိုင်ငံပိုင်မီဒီယာတွေက ဖော်ပြကြပါတယ်။

မင်းအောင်လှိုင် သမ္မတရာထူး ရယူလိုက်တဲ့ အချိန်မှာပဲ အင်ဒိုနီးရှားနိုင်ငံမှာ ဂျီနိုဆိုက်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် စွဲချက်သစ်တွေ တင်ခံလိုက်ရပါတယ်။ သူ့ကို အာဂျင်တီးနားတရားရုံးကနေ ဖမ်းဝရမ်း ထုတ်ထားပြီးသားဖြစ်သလို ဖိလစ်ပိုင်နဲ့ အရှေ့တီမောနိုင်ငံတွေမှာလည်း စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒါ့အပြင် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) က အစိုးရရှေ့နေကလည်း သူ့ကို ဖမ်းဆီးဖို့ ရည်ရွယ်ထားကြောင်း ကြေညာထားပါတယ်။

မြန်မာနိုင်ငံမှာ လက်တွေ့ကွင်းဆင်း စုံစမ်းစစ်ဆေးသူတွေ စုဆောင်းထားတဲ့ အထောက်အထားတွေ ပါဝင်တဲ့ ဂျာကာတာက အမှုဟာ အတော်လေး အားကောင်းလှပါတယ်။ အင်ဒိုနီးရှားရဲ့ ရာဇသတ်ကြီး ဥပဒေသစ်အရ ဂျီနိုဆိုက်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် ကမ္ဘာလုံးဆိုင်ရာ စီရင်ပိုင်ခွင့် (Universal Jurisdiction) ကို ရှင်းရှင်းလင်းလင်း ခွင့်ပြုထားပါတယ်။ ကျူးလွန်သူ ဒါမှမဟုတ် ခံရသူရဲ့ နိုင်ငံသားဖြစ်မှု၊ ပြစ်မှုကျူးလွန်တဲ့နေရာ ဘယ်လိုပဲဖြစ်နေပါစေ၊ အင်ဒိုနီးရှားမှာ တရားစွဲခံရသူတွေကို အရေးယူဖို့ တာဝန်ရှိပါတယ်။ ဒါ့အပြင် အင်ဒိုနီးရှားဟာ ကမ္ဘာပေါ်မှာ မွတ်စလင်လူဦးရေ အများဆုံးနိုင်ငံ ဖြစ်တာကြောင့် မင်းအောင်လှိုင်ရဲ့ မြန်မာ ရိုဟင်ဂျာ မွတ်စလင်တွေအပေါ် ဂျီနိုဆိုက်ကျူးလွန်မှုဟာ အင်ဒိုနီးရှားလို နိုင်ငံအတွက်တော့ လက်ခံနိုင်စရာ မရှိပါဘူး။ အင်ဒိုနီးရှားပိုင်နက်ထဲကို ဒုက္ခသည် ထောင်ပေါင်းများစွာ ထွက်ပြေးလာရတဲ့ အကြောင်းရင်းကြောင့်လည်း ပါပါတယ်။

ကျနော့်ရဲ့ အဖွဲ့အစည်းဖြစ်တဲ့ Myanmar Accountability Project ဟာ ရိုဟင်ဂျာ ဂျီနိုဆိုက်မှုကနေ လွတ်မြောက်လာသူ ရိုဟင်ဂျာအမျိုးသမီး ယက်စ်မင် အူလာ၊ အင်ဒိုနီးရှားက ထင်ရှားသူ ၁၀ ဦးတို့နဲ့ ပူးပေါင်းပြီး ဂျာကာတာက အစိုးရရှေ့နေရုံးမှာ ဂျီနိုဆိုက်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် တိုင်ကြားချက်တခု ဖွင့်လှစ်ခဲ့ပါတယ်။ သူ့ရဲ့ ရိုဟင်ဂျာအသိုက်အဝန်း ခံစားရတဲ့ ဒုက္ခတွေအကြောင်း အစိုးရရှေ့နေရုံးမှာ ယက်စ်မင် ထွက်ဆိုခဲ့ပါတယ်။ ဒီစကားတွေဟာ စိတ်မာလှပါတယ်ဆိုတဲ့ စုံစမ်းစစ်ဆေးရေးမှူးတွေကိုတောင် မျက်ရည်ကျစေခဲ့ပါတယ်။ "ကျမတို့လူမျိုးတွေကို သုတ်သင်ရှင်းလင်းဖို့နဲ့ မြန်မာနိုင်ငံတဝန်း တခြားသော အစုလိုက်အပြုံလိုက် ရက်စက်ကြမ်းကြုတ်မှုတွေကို ဖန်တီးခဲ့သူဟာ သူကျူးလွန်ခဲ့တဲ့ စက်ဆုပ်ရွံရှာဖွယ် ရာဇဝတ်မှုတွေအတွက် အပြစ်ပေးမခံရဘဲ သမ္မတအိမ်တော်မှာ သက်သောင့်သက်သာ ထိုင်နေခွင့် မပေးနိုင်ပါဘူး" လို့  ယက်စ်မင်က အသံတုန်တုန်ယင်ယင်နဲ့ ပြောခဲ့ပါတယ်။ အင်ဒိုနီးရှား အစိုးရရှေ့နေရုံးက လူ့အခွင့်အရေးဆိုင်ရာ ညွှန်ကြားရေးမှူးကလည်း ဒီအမှုကို ရှေ့ဆက်ဆောင်ရွက်ဖို့ သူတတ်နိုင်သမျှ အားလုံးလုပ်ဆောင်သွားမယ်လို့ ကတိပြုခဲ့ပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့က ကျနော်တို့ရဲ့ အမှုဖွင့်တိုင်ကြားမှုဟာ အရင်က မရှိခဲ့ဘူးတဲ့ ရလဒ်တွေကို ယူဆောင်လာပေးခဲ့ပါတယ်။ အင်ဒိုနီးရှား အာဏာပိုင်တွေဟာ နိုင်ငံရဲ့ ရာဇသတ်ကြီး ဥပဒေသစ်အရ ကမ္ဘာလုံးဆိုင်ရာ စီရင်ပိုင်ခွင့်အမှုကို ပထမဆုံးအကြိမ်အဖြစ် တရားဝင်လက်ခံခဲ့ပါတယ်။ အရှေ့တောင်အာရှမှာ ရိုဟင်ဂျာ ဂျီနိုဆိုက်မှုကနေ လွတ်မြောက်လာသူတဦးက တိုင်ကြားတဲ့ ပထမဆုံးသော ကမ္ဘာလုံးဆိုင်ရာ စီရင်ပိုင်ခွင့်အမှုလည်း ဖြစ်လာပါတယ်။ ဥပဒေကြောင်းအရ အရေးယူ ဆောင်ရွက်မှုတွေရဲ့ ပထမဆုံးခြေလှမ်းအဖြစ် စုံစမ်းစစ်ဆေးမှုတခု စတင်လာဖို့ ကျနော်တို့ မျှော်လင့်ပါတယ်။

ရှေ့ဆက်သွားမဲ့ ခရီးမှာ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ခံမှုရှိစေရေးဟာ အရင်ကထက် ပိုပြီး အရေးကြီးလာမှာ သေချာပါတယ်။ မြန်မာနိုင်ငံရဲ့ "သမ္မတ" လို့ ကိုယ့်ကိုယ်ကိုယ် ခန့်အပ်ထားသူဟာ သူ့ရဲ့ အစိုးရအဖွဲ့သစ်မှာ အာဏာသိမ်းပြီးကတည်းက အဆိုးရွားဆုံး ရက်စက်မှုတွေနဲ့ ဆက်စပ်နေသူတွေကို အဓိကရာထူးတွေ ပေးခဲ့ပါတယ်။ ကာကွယ်ရေးဝန်ကြီးသစ် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းအောင်ဟာ လေတပ်ဦးစီးချုပ်အဖြစ် တာဝန်ယူခဲ့စဉ်က စစ်ကောင်စီ မထိန်းချုပ်နိုင်တဲ့ နယ်မြေတွေမှာ လေကြောင်းတိုက်ခိုက်မှုတွေကို ကွပ်ကဲခဲ့သူဖြစ်ပြီး ၂၀၂၅ ခုနှစ် မတ်လက ငလျင်ကယ်ဆယ်ရေးလုပ်နေသူတွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့မှုလည်း ပါဝင်ပါတယ်။ ပြည်ထဲရေးဝန်ကြီးဖြစ်လာတဲ့ ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေဟာ ရန်ကုန်မှာ အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို ရက်ရက်စက်စက် နှိမ်နင်းရာမှာ ကွပ်ကဲခဲ့သူဖြစ်ပြီး ဥရောပသမဂ္ဂ၊ ဆွစ်ဇာလန်နဲ့ ကနေဒါနိုင်ငံတို့ရဲ့ ပိတ်ဆို့အရေးယူမှု ခံထားရသူပါ။ စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ရာမှာ တရုတ်နိုင်ငံရဲ့ အခန်းကဏ္ဍကို ထည့်သွင်းစဉ်းစားမယ်ဆိုရင် ဘေဂျင်းမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ သံအမတ်ဟောင်း ဦးတင်မောင်ဆွေကို နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်လိုက်တာကိုလည်း စာရင်းတို့ထားစရာ ကောင်းပါတယ်။

နောက်ဆုံးစာရင်းဇယားတွေအရ ရက်စက်ကြမ်းကြုတ်မှုတွေ ပိုမိုမြန်ဆန်လာတာကို သက်သေပြနေပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးရဲ့ အဆိုအရ ၂၀၂၅ ခုနှစ်မှာ မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား အနည်းဆုံး ၉၈၂ ဦး သေဆုံးခဲ့ရပြီး ဒါဟာ အရင်နှစ်ကထက် ၅၃ ရာခိုင်နှုန်း တိုးလာတာဖြစ်ပါတယ်။ ၂၀၂၆ ခုနှစ်မှာလည်း အခြေအနေက တိုးတက်မလာပါဘူး။ ဒီဇင်ဘာ ၂၀၂၅ ကနေ ဒီနှစ် ဇန်နဝါရီလအတွင်း ရွေးကောက်ပွဲကာလမှာ လေကြောင်းတိုက်ခိုက်မှု အကြိမ် ၄၀၀ ကျော် ရှိခဲ့ပြီး အရပ်သား ၁၇၀ ကျော် သေဆုံးခဲ့ရပါတယ်။ ၂၀၂၅ ခုနှစ်အတွင်း ကလေးငယ် အနည်းဆုံး ၂၈၇ ဦး သေဆုံးခဲ့ပြီး ၂၀၂၁ ခုနှစ်နောက်ပိုင်း ကလေးငယ်တွေအတွက် အသေအပျောက် အများဆုံးနှစ် ဖြစ်ခဲ့ပါတယ်။

ဒီလို မျှော်လင့်ချက်မဲ့နေတဲ့ နောက်ခံအခြေအနေတွေကြားမှာ တာဝန်ခံမှုရှိစေဖို့ ဖိအားတွေက ကြီးထွားလာနေပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ အချိုးအကွေ့အသစ်တခုရဲ့ အစကို ကျနော်တို့ မြင်တွေ့နေရပြီလို့ ယုံကြည်ပါတယ်။ အဲဒါကတော့ အရှေ့တောင်အာရှမှာ ကမ္ဘာလုံးဆိုင်ရာ စီရင်ပိုင်ခွင့် (Universal Jurisdiction) ခေတ်သစ် အရုဏ်ဦးပဲ ဖြစ်ပါတယ်။ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေက ကျနော်တို့ကို ထောက်ခံအားပေးနေပေမဲ့ အစိုးရတွေ ဘာလုပ်မလဲ ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာပါ။ မင်းအောင်လှိုင်ကို သူတို့ ဘယ်လိုကိုင်တွယ်မလဲ ဆိုတာဟာ တရားဥပဒေစိုးမိုးရေးကို သူတို့ ဘယ်လောက် ကတိကဝတ်ပြုထားသလဲ၊ သူတို့ရဲ့ ပြည်သူတွေအပေါ် ဘယ်လောက်တုံ့ပြန်မှုရှိသလဲ ဆိုတာကို စမ်းသပ်မဲ့ မှတ်ကျောက်တခု ဖြစ်လာနေပါပြီ။

ခရစ္စတိုဖာ ဂန်းနက်စ် 

Ref: Independent 

(ယူကေအခြေစိုက် Independent သတင်းစာ ဝက်ဘ်ဆိုက်တွင် Myanmar Accountability Project ၏ ညွှန်ကြားရေးမှူး ဝါရင့်သတင်းစာဆရာ Christopher Gunness ရေးသားထားသည့် “Myanmar's mickey-mouse dictator dons civilian clothes but no one is fooled” ဆောင်းပါးကို ဘာသာပြန်ဆိုဖော်ပြသည်။)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013