DVB Logo
Home
မြန်မာသတင်း
မြဝတီတွင် ကျပ်ငွေသိန်း ၇၀၀၀ ကျော်ဖိုး မဲလိမ်လည်ရောင်းချမှု ဖြစ်ပွား (ရုပ်သံ)
DVB
·
May 24, 2018
မြဝတီတွင် ကျပ်ငွေသိန်း ၇၀၀၀ ကျော်ဖိုး မဲလိမ်လည်ရောင်းချမှု ဖြစ်ပွား (ရုပ်သံ)
Donate to DVB

 

ကရင်ပြည်နယ်၊ မြဝတီမြို့မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ငယ်တခု ဖြစ်တဲ့    KNLA/PC ငြိမ်းချမ်းရေးကောင်စီအဖွဲ့က ဗိုလ်မှူးအဆင့်ရှိသူ ဦးဆောင်ပြီး ဆေးခန်းရန်ပုံငွေအတွက် ကျပ်သိန်း ၇၀၀၀ ကျော်ဖိုး မဲလက်မှတ်တွေ လိမ်လည်ရောင်းချမှု ဖြစ်ပွားခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၂ လကျော်လောက်ကစပြီး မြဝတီမြို့၊ အမှတ် ၄ ရပ်ကွက်ရှိ KNLA/PC အပိုင် ကျောက်ဖျာဂိတ်မှာ ဆေးခန်းရန်ပုံငွေအတွက် စုမဲလက်မှတ် စတင်ရောင်းချခဲ့တာပါ။

စုမဲလက်မှတ် တစောင်လျှင် ကျပ် ၁၅၅၀၀ ကျသင့်ကာ မဲပေါက်ရင် တစောင်အတွက် ကျပ် ၁၈၀၀၀၀ ပြန်ရမယ်ဆိုလို့ မြဝတီနဲ့ ကော့ကရိတ်မြို့နယ်ရှိ ဒေသခံတွေက အဆိုပါ မဲလက်မှတ်ကို အများအပြား ဝယ်ယူခဲ့ကြပါတယ်။

ဒါပေမယ့် အချိန်တန်တော့ စုမဲဖောက်ပေးတာမရှိဘဲ ငွေတွေလည်း ပြန်မရလို့ ပြီးခဲ့တဲ့ မေလ ၂၂ ရက်က မြို့တွင်းမှာ လူ ၅၀၀ ကျော် ဆန္ဒထုတ်ဖော်ခဲ့ကြသလို မြဝတီမှာရှိတဲ့  မြန်မာ့တပ်မတော် ရှေ့တန်းရုံးကိုလည်း သွားရောက်တိုင်ကြားခဲ့ကြပါတယ်။

ငွေလိမ်ခံရသူတဦးက “တချို့က အစောင် ၅၀၊ တချို့က ၁၀၀၊ တချို့က သိန်း ၃၀၀ ဖိုး အဲဒီလို ထိုးကြတာ၊ ဆိုင်ကယ်တွေ ဘာတွေရောင်းပြီး မဲဝယ်တာလည်း ရှိတယ်။ ခုနစ်ရက် တပတ်ကို စုကြေး တခါ ထုတ်ပေးမယ်ပေါ့။ အချိန်တန်တော့ ဘာပိုက်ဆံမှ မထုတ်ပေးဘူး။ ကျောက်ဖျာဂိတ်မှာ သွားမေးတော့ အရင်က လက်မှတ်ရောင်းတဲ့နေရာကို အတွင်းဘက် ရွှေ့သွားတယ်။ အထဲထိသွားမေးတော့ လက်နက်ကိုင် စစ်သားတွေက သူတို့မသိဘူး။ သူတို့က လုံခြုံရေးယူပေးတဲ့တာဝန်ပဲ ရှိတယ်လို့ ပြောတယ်။ ဆိုင်းဘုတ်ကို သေချာပြန်ဖတ်ကြည့်တဲ့၊ အဲဒီမှာ ဒေသဆေးခန်းဖွင့်ဖို့ ရန်ပုံငွေရှာတာလို့ ပြောတယ်။ အဲဒီမှာ တာဝန်ယူ ဖြေရှင်းပေးမယ့်လူမရှိလို့  မြန်မာ့တပ်မတော် ရှေ့တန်းရုံးကို သွားတိုင်ခဲ့ကြတယ်။ တချို့ကလည်း ရဲစခန်းမှာ သွားပြီး အမှုဖွင့်ထားကြတယ်”လို့ ပြောပါတယ်။

အဲဒီကိစ္စနဲ့ ပတ်သက်ပြီး မနေ့ မွန်းလွဲပိုင်းက KNLA/PC တာဝန်ရှိသူဘက်က  စုမဲလိမ်လည်ရောင်းချသူတဲ့ အဖိုးလို့ လူသိများတဲ့ ဗိုလ်မှူး ဆိုသူကို လက်ထိတ်ခတ်ပြီး  မြဝတီမြို့နယ် အုပ်ချုပ်ရေးရုံးရှိ စစ်တပ်၊ ရဲ၊ အုပ်ချုပ်ရေးမှူး၊ ရှေ့နေအဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်၊ လူမှုကွန်ရက်အဖွဲ့တွေ ရှေ့မှောက်မှာ လာရောက်ပို့ဆောင်ပေးခဲ့ပါတယ်။

အဆိုပါ ဗိုလ်မှူးဟာ သူ့သဘောနဲ့သူ စုမဲရောင်းတာဖြစ်ပြီး အဖွဲ့အစည်းနဲ့ တစုံတရာ ပတ်သက်ခြင်းမရှိကြောင်း၊ ဒါကြောင့် လိုအပ်သလို အရေးယူဖို့နဲ့  သူ့ရဲ့ပိုင်ဆိုင်မှု ကျပ်သိန်း ၇၀၀ ကျော်ကိုလည်း သိမ်းဆည်းလိုက်ကြောင်း လာပြောသွားတယ်လို့ ဆိုပါတယ်။

ငွေလိမ်ခံရသူတွေဘက်ကတော့ အဆိုပါဗိုလ်မှူး ဆိုသူကို အရေးယူဖို့ထက် သူတို့ ဝယ်ယူထားတဲ့ စုမဲဖိုးငွေတွေသာ ပြန်လိုချင်ကြကြောင်း၊ လက်မှတ်ရောင်းစဉ်က အဖွဲ့အစည်း အမည်ကို အသုံးပြုပြီး ဗိုလ်မှူးဆိုသူက လက်နက်ကိုင် ကိုယ်ရံတော် ၇ ယောက်၊ ၈ ယောက် အမြဲ ဝန်းရံနေလို့ အားလုံးက ယုံကြည်စိတ်ချစွာ ဝယ်ယူခဲ့တာဖြစ်တယ်လို့  အလိမ်ခံရသူတဦးက ပြောပါတယ်။

Video - Winzaw Winzaw

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013