DVB Logo
Home
မြန်မာသတင်း
မော်လမြိုင်၊ ဘားအံနှင့် မြဝတီမြို့ ဖွံ့ဖြိုးရေးအတွက် ဒေါ်လာသန်း ၈၀ ချေးယူရန် လွှတ်တော် အတည်ပြု
DVB
·
March 20, 2018
မော်လမြိုင်၊ ဘားအံနှင့် မြဝတီမြို့ ဖွံ့ဖြိုးရေးအတွက် ဒေါ်လာသန်း ၈၀ ချေးယူရန် လွှတ်တော် အတည်ပြု
Donate to DVB

ဆောက်လုပ်ရေးဝန်ကြီးဌာနက မဟာမဲခေါင်ဒေသခွဲ စင်္ကြံန်လမ်းတလျှောက်ရှိ မော်လမြိုင်၊ ဘားအံနဲ့ မြဝတီမြို့တွေ ဖွံ့ဖြိုးမှုစီမံကိန်းအတွက် အာရှဖွံ့ဖြိုးရေးဘဏ် (အေဒီဘီ)ထံကနေ အမေရိကန် ဒေါ်လာ သန်း ၈၀ ချေးယူဖို့ မနေ့က ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုလိုက်ပါတယ်။

နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်ထံ ပေးပို့ထားတဲ့ အဆိုပါ ချေးငွေရယူဖို့ ကိစ္စနဲ့ ပတ်သက်ပြီး  စက်ခလုတ် အသုံးပြု ဆန္ဒမဲရယူရာမှာ ထောက်ခံမဲ ၅၃၃မဲ၊ ကန့်ကွက်မဲ ၄မဲ၊ ကြားနေမဲ ၃ မဲနဲ့ ထောက်ခံမဲများလို့  လွှတ်တော်က သဘောတူအတည်ပြုလိုက်တာပါ။

အဆိုပါချေးငွေနဲ့ လုပ်ဆောင်မယ့် စီမံကိန်းဟာ မဟာမဲခေါင် ဒေသခွဲ အရှေ့အနောက် စီးပွားရေး စင်္ကြလမ်းမကြီးတလျှောက် ကျရောက်နေတဲ့ မြို့တွေမှာ ဆောင်ရွက်မယ့် စီမံကိန်းဖြစ်တယ်။ စီမံကိန်းဝင်မြို့တွေအဖြစ် ကရင်ပြည်နယ် ဘားအံမြို့နဲ့ မြဝတီမြို့၊ မွန်ပြည်နယ် မော်လမြိုင်မြို့တို့ကို သတ်မှတ် ရွေးချယ်ထားတယ်လို့လည်း  ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်လင်းက လွှတ်တော်မှာ ရှင်းလင်းပြောပါတယ်။

အဆိုပါ မြို့ သုံးမြို့အတွက် ဆောင်ရွက်မယ့် စီမံကိန်းဟာ ပြည်သူတွေရဲ့ နေထိုင်မှု ပတ်ဝန်းကျင်ကို အဆင့်မြှင့်တင်ပေးနိုင်တဲ့ ပြည်သူ့ဗဟိုပြု မြို့ပြစီမံကိန်း အမျိုးအစားဖြစ်ပြီး မြို့တွေရဲ့ လူမှုရေး၊ စီးပွားရေးနဲ့  မြို့ပြအခြေခံ အဆောက်အဦတွေ တိုးတက်မြင့်မားစေဖို့ အထောက်အကူပြုစေမယ်လို့လည်းဆိုပါတယ်။

မနေ့က ပြည်ထောင်စုလွှတ်တော်မှာ ဆောက်လုပ်ရေးဝန်ကြီးဌာန မဟာမဲခေါင်ဒေသ အတွင်းရှိလမ်းမကြီးများ ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းအတွက် အာရှဖွံ့ဖြိုးရေးဘဏ်နှင့် အာဆီယံ အခြေခံအဆောက်အအုံ ရန်ပုံငွေတို့ထံမှ အမေရိကန် ဒေါ်လာ ၃၆၀သန်းချေးယူဖို့ ကိစ္စကိုလည်း သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်တွေက ပြန်လည်ရှင်းလင်း ဆွေးနွေးသွားပါတယ်။

ဒါ့အပြင် ဆောက်လုပ်ရေးဝန်ကြီးဌာနက ထားဝယ် အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် Neighbouring Countries Economic Development Cooperation Agency – NEDA ထံမှ ထိုင်း ဘတ် ၄ ဒသမ ၅ဘီလီယံ ချေးယူဖို့ကိစ္စနဲ့  ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာ ဌာန၊ အထွေထွေမွမ်းမံပြင်ဆင်ရန်နှင့် စွမ်းရည်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ပြင်သစ်ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီထံမှ ချေးငွေယူရို ၂၂ သန်းနှင့် ထောက်ပံ့ငွေ ယူရို ၅ သန်း ရယူဖို့ကိစ္စတွေလည်း ဆွေးနွေးခဲ့ကြပါတယ်။

ဓာတ်ပုံ-MOI

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013