
ရခိုင်ပြည်နယ်အတွင်း အာရက္ခတပ်တော် (AA) က ချိပ်ပိတ်ထားတဲ့ စစ်ကောင်စီနဲ့ဆက်စပ်တဲ့ အိမ်တချို့ကို အိမ်ပိုင်ရှင်တွေရဲ့ အသနားခံစာ တင်လာတာကြောင့် ပြန်လည်လွှဲပြောင်းပေးနေတယ်လို့ AA ရဲ့ ရဲဌာန ဒီလပ်က မတ် ၂၈ ရက်မှာ ထုတ်ပြန်ပါတယ်။
ထုတ်ပြန်ချက်အထဲမှာ မြို့သိမ်းတိုက်ပွဲကာလတွေအတွင်းက အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရကို ဆန့်ကျင်တဲ့ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တွေနဲ့ပတ်သက် ဆက်စပ်သူတွေ (သို့မဟုတ်) အကြမ်းဖက်အဖွဲ့အစည်း၊ အကြမ်းဖက်သမားနဲ့ ပတ်သက်ဆက်စပ်သူတွေရဲ့ ပိုင်ဆိုင်တဲ့နေအိမ်၊ အဆောက်အအုံတချို့ကို မြို့သိမ်းတိုက်ပွဲအပြီး နောက်ပိုင်းကာလတွေမှာ AA က ချိပ်ပိတ်ထားခဲ့တာလို့ ဖော်ပြထားပါတယ်။
အဲဒီ ချိပ်ပိတ်ခံရတဲ့ နေအိမ်ပိုင်ရှင်တချို့ဟာ အာရက္ခပြည်သူ့အစိုးရဆီကို အသနားခံစာ တင်လာတာကြောင့် စနစ်တကျစီစဉ်ကာ (ULA/AA)ဘက်က အိမ်တချို့ကို လွှဲပြောင်းပေးနေတာလို့ AA နဲ့နီးစပ်သူတယောက်က ပြောပါတယ်။
“အဓိက စစ်ကောင်စီရဲ့ ဌာနဆိုင်ရာဝန်ထမ်းတချို့၊ စစ်ကောင်စီနဲ့ ဆွေမျိုးတော်ပြီး သတင်းပေးတဲ့သူတချို့ရဲ့ နေအိမ်တွေကိုပဲ ချိပ်မပိတ်တာပါ။ ပြီးတော့ သံသယူရှိသူတွေရဲ့ အိမ်တွေလည်း ပါတာပေါ့။ ခုအတချို့က အသနားခံစာတင်လာလို့ သေချာစိစစ်ပြီး ပြန်ပေးနေတယ်။”
AA ပြောခွင့်ရ ဦးခိုင်သုခကလည်း မြို့သိမ်းတိုက်ပွဲကာလအတွင်းက ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)က အကြမ်းဖက်နဲ့ ဆက်စပ်သူ၊ သံသယရှိသူတို့ရဲ့ နေအိမ်တချို့ကို ချိပ်ပိတ်ခဲ့ကြောင်းနဲ့ လက်ရှိမှာ အိမ်ပိုင်ရှင်တချို့ရဲ့ အသနားခံစာ တင်တာကြောင့် နေအိမ်တချို့လွှဲပြောင်းပေးနေတယ်လို့ ထုတ်ပြန်ချက်မှာ ပြောဆိုထားပါတယ်။
“မြို့သိမ်းတိုက်ပွဲအပြီး နောက်ပိုင်းမှာ ကျနော်တို့ တော်လှန်ရေးအစိုးရကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တွေနဲ့ ပတ်သက်ဆက်စပ်နေတဲ့ လူတွေ၊ အကြမ်းဖက်အဖွဲ့အစည်း၊ အကြမ်းဖက်သမားနဲ့ ပတ်သက်တဲ့ ဆက်စပ်နေတဲ့ ရေလူတွေ ပိုင်ဆိုင်တဲ့ နေအိမ်၊ အဆောက်အအုံတွေကို အခြေအနေ လိုအပ်ချက်အရ ချိပ်ပိတ်ခဲ့ပါတယ်။ ဒီအပေါ်မှာ အိမ်ပိုင်ရှင်တွေဘက်က သူတို့အနေနဲ့ အပြစ်ကင်းကြောင်း အချက်အလက် အပြည့်အစုံနဲ့ အသနားခံစာ တင်ပြလာတဲ့အတွက် ကျနော်တို့ဘက်က ပြန်စိစစ်ပြီး အပြစ်ကင်းတယ်ဆိုရင် ချိပ်ပိတ်ထားတာကို ပြန်ဖွင့်လို့ မူလပိုင်ရှင်လက်ကို လွှဲပြောင်းပေးလိုက်တာတွေ ရှိပါတယ်။”
အာရက္ခပြည်သူ့တော်လှန်ရေး အစိုးရဟာ မြို့နယ်တွေမှာ စစ်ကောင်စီနဲ့ ပတ်သက် ဆက်နွှယ်နေသူတွေ ပိုင်ဆိုင်တဲ့ နေအိမ်၊ အဆောက်အအုံတွေကိုပဲ အဓိကထား ချိပ်ပိတ်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။











