
ဟော်မုဇ်ရေလက်ကြား ပြန်ပွင့်ပြီး သင်္ဘောအားလုံး ဖြတ်သန်းခွင့်ရသွားပြီ ဆိုရင်တောင် ကမ္ဘာ့ကုန်စည်ထောက်ပံ့ရေးလမ်းကြောင်းအပေါ် ထိခိုက်မှုဟာ လနဲ့ချီအောင် ဆက်ရှိနေနိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်ထားပါတယ်။
လက်ရှိမှာ အီရန်က ရေလက်ကြားတစိတ်တပိုင်းကို ပိတ်ဆို့ထားတဲ့အလျောက် သင်္ဘောအစင်းရေ ၂,၀၀၀ လောက် ဒေသတွင်းမှာ ပိတ်မိနေပါတယ်။
အဲဒီအထဲက အစင်း ၄၀၀ နီးပါးဟာ အိုမန်ပင်လယ်ကွေ့ထဲမှာ ရှိနေပြီး ဆူးအက်တူးမြောင်း ဒါမှမဟုတ် ပိုပြီးရှည်လျားတဲ့ လမ်းကြောင်းကို ပြောင်းသွားတဲ့ သင်္ဘောတွေလည်း ရှိတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အီရန်ဟာ မိတ်ဖက်နိုင်ငံတွေက သင်္ဘောအနည်းကိုသာ ဖြတ်သန်းခွင့်ပေးထားသလို တစီးစာ ဒေါ်လာ ၂ သန်း ကောက်ခံနေတယ်လို့လည်း သတင်းထွက်ပေါ်နေပါတယ်။
အခုတပတ်ထဲမှာ အီရန်လွှတ်တော်အမတ်တွေက ရေလက်ကြားဖြတ်သန်းခ ကောက်ခံမဲ့ ဥပဒေပြဋ္ဌာန်းချက်ကို အတည်ပြုလိုက်တယ်ဆိုပြီး Fars ပြည်တွင်းသတင်းအေဂျင်စီက ဖော်ပြထားပါတယ်။
ဂျာမန်သင်္ဘောကုမ္ပဏီကြီး Hapag-Lloyd ရဲ့ ပြောရေးဆိုခွင့်ရှိသူ နီးလ်စ်ဟောက်ပ် (Nils Haupt) ကတော့ “တရားဝင် စစ်ပွဲအဆုံးသတ်ကာ ဗုံးကြဲတိုက်ခိုက်တာတွေ ရပ်သွားပြီဆိုရင်တောင် ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းအတွက်တော့ တိုက်ပွဲပြီးသွားပြီလို့ မဆိုနိုင်သေးပါဘူး။ အဲဒီအချိန်ကျမှ တကယ်အလုပ်တွေကို စတင်ရမှာပါ” ဆိုပြီး မှတ်ချက်ပေးပါတယ်။
နော်ဝေအခြေစိုက် DNK အာမခံကုမ္ပဏီရဲ့ မန်နေဂျင်းဒါရိုက်တာ စဗိုင်း ရင်းဘာ့ကန် (Svein Ringbakken) ကလည်း “အကျဉ်းချုပ်ပြောရရင် အလုပ်တွေပုံနေပြီဖြစ်တဲ့အလျောက် သင်္ဘောနဲ့ ကုန်စည်ပို့တဲ့ ကွင်းဆက်တွေ ပုံမှန်အတိုင်းပြန်ဖြစ်အောင် လနဲ့ချီပြီး အချိန်ယူရပါလိမ့်မယ်” လို့ သုံးသပ်ထားပါတယ်။
အခုလိုမျိုး အဓိကကျတဲ့ ရေလမ်းကြောင်း ပိတ်ဆို့ခံထားရတဲ့အတွက် ရေနံနဲ့ သဘာဝဓာတ်ငွေ့ရည် (LNG) အပါအဝင် ရေနံဓာတုပစ္စည်းတွေ၊ ဓာတ်မြေဩဇာတွေနဲ့ ပလတ်စတစ်ကုန်ကြမ်းတွေ တင်ပို့တဲ့နေရာမှာပါ အကြီးအကျယ် ထိခိုက်စေခဲ့ပါတယ်။
အီရန်စစ်ပွဲ စတင်ပြီးနောက်ပိုင်း သင်္ဘောတိုက်ခိုက်ခံရမှုပေါင်း ၁၈ ကြိမ်ထက်မနည်း ရှိခဲ့တဲ့အပြင် အရှေ့အလယ်ပိုင်းဒေသက စွမ်းအင်ဆိုင်ရာ အဆောက်အအုံပေါင်း ၄၀ ကျော်ကိုပါ ဆိုးဆိုးရွားရွား ပျက်စီးစေခဲ့တယ်လို့ ဖော်ပြထားပါတယ်။
လက်ရှိအခြေအနေအရ ကမ္ဘာ့နိုင်ငံတွေရော၊ ကုမ္ပဏီကြီးတွေကပါ ကုန်သွယ်ရေးလမ်းကြောင်း တခုတည်းအပေါ် မှီခိုနေလို့ မရတော့ဘဲ တခြားရွေးချယ်စရာတွေကိုပါ ဖြန့်ကြက်အသုံးပြုနိုင်ဖို့ ရှာဖွေနေကြပြီ ဖြစ်ပါတယ်။











