
ဂျပန်နိုင်ငံရောက် မြန်မာတွေ နိုင်ငံကူးလက်မှတ် ပတ်စ်ပို့သက်တမ်းတိုးဖို့အတွက် ၅ နှစ်နဲ့ အထက် ကျော်လွန်နေပါက မြန်မာနိုင်ငံကို ပြန်လည်ဝင်ရောက် ဆောင်ရွက်ရမယ်လို့ တိုကျိုမြို့ရှိ စစ်အာဏာရှင်သံရုံးက သတိပေးချက် ထုတ်ပြန်ထားပါတယ်။
ဂျပန်နိုင်ငံမှာ ရောက်ရှိ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေကို ပတ်စပို့ သက်တမ်းတိုးပေးတာနဲ့ ပတ်သက်လို့ ဩဂုတ် ၁၂ ရက်မှာ စစ်အာဏာရှင်သံရုံးက ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
သက်တမ်းတိုး လျှောက်ထားသူတွေအနေနဲ့ သက်တမ်းတိုးဖို့ ၅ နှစ်နဲ့အထက် ပျက်ကွက်နေပါက မြန်မာနိုင်ငံသကို ပြန်လည် သက်တမ်းတိုး ဆောင်ရွက်ရမှာဖြစ်လို့ ပြည်တွင်းသို့ ပြန်နိုင်ဖို့ ဘယ်သူဘယ်ဝါ ဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) ထုတ်ပေးမယ်လို့လည်း ဆိုပါတယ်။
ပတ်စပို့ သက်တမ်း ကျော်လွန်တာနဲ့ ပတ်သက်လို့ အခုလို ကန့်သတ်တဲ့ မူဝါဒမျိုး အရင်က မတွေ့ရဘဲ နှစ်အလိုက် ဒဏ်ကြေး ပေးဆောင်လို့ သက်ဆိုင်ရာ သံရုံးတွေမှာ လုပ်ဆောင်လို့ ရခဲ့လို့ သံသယဖြစ်ဖွယ်ရှိတယ်လို့ ပြည်ပရောက် မြန်မာအသိုက်အဝန်းက သုံးသပ်ကြပါတယ်။
ဂျပန်ရောက် မြန်မာ့အရေး လှုပ်ရှားသူတယောက်က "၅ နှစ်လုံးလုံး သက်တမ်း မတိုးထားတဲ့သူတွေက စစ်အုပ်စု သံရုံးကို သပိတ်မှောက်ထားခဲ့ကြလို့ လို့ ယူဆရင် ယူဆလို့ ရတာပေါ့။ အဲဒီလူတွေကို အကျပ်ကိုင်တာလား၊ မလိမ့်တပတ်နဲ့ ထောင်ချောက်ထဲ ပို့မလို့လား ဆိုတာ စဉ်းစားစရာ ဖြစ်တာပေါ့"လို့ ပြောပါတယ်။
ပြည်ပရောက် မြန်မာနိုင်ငံသားတွေက စစ်တပ်အာဏာသိမ်တဲ့ လုပ်ရပ်ကို တစိုက်မတ်မတ် ဆန့်ကျင်နေကြပြီး ဂျပန်နိုင်ငံရောက်ရှိသူတွေကလည်း အခုအချိန်အထိ လှုပ်ရှားမှု အားကောင်းနေဆဲဖြစ်ကြောင်း နိုင်ငံရေး အင်အားစုတွေက ဆိုပါတယ်။
လက်ရှိ မြန်မာနိုင်ငံအတွင်း အခြေအနေမှာ လုံခြုံမှု ကင်းမဲ့နေတဲ့အတွက် ဂျပန်အစိုးရက အန္တရာယ် ကျရောက်နိုင်တဲ့ မြန်မာနိုင်ငံသားတွေကို ခိုလှုံခွင့်ပေးထားလို့ စစ်အာဏာရှင်ဆန့်ကျင်ရေးကို ဆက်လက် လုပ်ကိုင်ခွင့် ရရှိနေတာ ဖြစ်ပါတယ်။
အဆိုပါ လှုပ်ရှားမှု ပြုလုပ်နေသူတွေကို စစ်အာဏာရှင်သံရုံးက အစဉ်တစိုက် စောင့်ကြည့်နေပြီး တန်ပြန် အရေးယူဖို့ ကြိုးပမ်းအားထုတ်မှုတွေလည်း မြင်တွေ့နေရကြောင်း ဂျပန်ရောက် တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။











