
ကရင်နီပြည်က တော်လှန်ရေးရဲဘော်တွေနဲ့ စုဖွဲ့ထားတဲ့ Karenni’s Art Creation (KAC) ရဲ့ တော်လှန်ရေးရန်ပုံငွေရုပ်ရှင် “The Execution” (စီရင်ကွပ်မျက်ခြင်း) ကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့က Alliance Française de Chiang Mai မှာ မတ် ၂၈ ရက်က ပထမဆုံး စတင်ပြသခဲ့ပါတယ်။
ဒီရုပ်ရှင်ကတော့ Karenni’s Art Creation (KAC) ရဲ့ ဒုတိယမြောက်လက်ရာလည်း ဖြစ်ပြီး စစ်ပွဲနောက်ခံ Horror ရုပ်ရှင် အမျိုးအစားဖြစ်တဲ့ ဒီရုပ်ရှင်ကိုတော့ ကရင်နီက စစ်ပွဲတွေကြား ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။
ဒါရိုက်တာ Solomon Soe က “ကျနော်က တော်လှန်ရေးရဲဘော်တယောက်လည်း ဖြစ်ခဲ့တော့လေ၊ ကျနော် အရမ်းကြီးတော့ လန့်တာမျိုးတော့ မရှိဘူးပေါ့နော်။ ဘာလို့လဲဆိုတော့ ကျနော်တို့ တိုက်ခိုက်နေတာ မဟုတ်ဘူး။ ရိုက်ကူးနေတာ ဆိုတော့လေ။ ဒါပေမဲ့ ကျနော့်ရဲ့ film crew တွေက လန့်ကြတယ်။ အဲဒီနေ့က ရိုက်နေတုန်းပေါ့နော်၊ ညဘက်ပေါ့၊ ညဘက်မှာ ကျနော်တို့ ရိုက်နေတုန်း စစ်မြေပြင်နဲ့ နည်းနည်း နီးတော့ဗျာ၊ လက်နက်ကြီးတွေ ကျလာတော့ ကျနော့်ရဲ့ အဖွဲ့သားတွေကို ကျနော်က ရတယ်၊ ကျနော်တို့ အေးအေးဆေးဆေးပဲ ပြီးအောင် လုပ်မယ်ပေါ့နော်။ ဘာလို့လဲဆိုတော့ ကျနော်တို့ အဲဒီနေရာကလည်း လက်လွှတ်ရမလား၊ လက်လွှတ်မရဘူးလား ဆိုတာ မသေချာတဲ့ စိတ်နဲ့ပေါ့နော်။ ဆိုတော့ ပြီးအောင်လုပ်မှရမယ်။ ပြီးတော့ ဒါမပြီးဘူးဆိုလို့ရှိရင် ကျနော် အရှေ့မှာ ရိုက်ခဲ့တာတွေလည်း အလကားဖြစ်မယ်။ ပြီးတော့ ကျနော် ပြချင်တဲ့အရာ အကြောင်းအရာတွေလည်း မပြနိုင်ဘဲ နေမှာစိုးလို့ ကျနော် ကြိုးစားခဲ့တာ” လို့ ပြောပါတယ်။
ရုပ်ရှင်ပြပွဲနဲ့အတူ ရန်ပုံငွေဈေးရောင်းပွဲကိုလည်း ထည့်သွင်းကျင်းပခဲ့ပြီး ရလာတဲ့ အကျိုးအမြတ်အားလုံးကို ကရင်နီစစ်ဘေးရှောင်တွေရဲ့ ပညာရေးနဲ့ စားနပ်ရိက္ခာအတွက် ကူညီပံ့ပိုးပေးသွားမှာလည်း ဖြစ်ပါတယ်။
ဒီရုပ်ရှင်ကိုတော့ မှန်းထားတဲ့ ပရိသတ်ထက် ပိုပြီး လာရောက်အားပေးခဲ့ကြတယ်လို့ Karenni’s Art Creation (KAC) အဖွဲ့သားတွေက DVB ကို ပြောပါတယ်။
ထုတ်လုပ်သူ ဂျွန်မီယာက “အောင်မြင်မှုကတော့ ဒါ ကျနော်တို့ ငွေရေးကြေးရေး အလှူငွေ ဆိုတာထက် ပရိသတ်တွေ အများကြီးက ဝန်းရံပေးပြီး သူတို့ဆီက အားပေးမှုတွေလည်း အများကြီး ရခဲ့ပါတယ်” လို့ ပြောပါတယ်။
Karenni’s Art Creation (KAC) ရဲ့ ပထမဆုံး အနုပညာလက်ရာကတော့ “Lose And Hope” (ဆုံးရှုံးခြင်းနှင့် မျှော်လင့်ခြင်း) ဆိုတဲ့ ရုပ်ရှင်ဖြစ်ပြီး ထိုင်းနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၂၄ နိုင်ငံမှာ ပြသခဲ့တာ ဖြစ်ပါတယ်။ “The Execution” ရုပ်ရှင်ကိုလည်း နိုင်ငံတကာမှာ ပြသနိုင်ဖို့ စီစဉ်နေကြပါတယ်။










