ဒီမိုကရက်တစ်ကွန်ဂိုသမ္မတနိုင်ငံ (DR Congo) မှာ အီဘိုလာရောဂါ ကူးစက်မှုဟာ နိုင်ငံတကာက စိုးရိမ်ရတဲ့ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ ဖြစ်လာပြီလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကြေညာပါတယ်။
အရှေ့ပိုင်း အီတူရီပြည်နယ်မှာ ကူးစက်ခံရတယ်လို့ သံသယရှိသူ ၂၄၆ ယောက်ရှိပြီး သေဆုံးသူ အယောက် ၈၀ အထိ ရှိလာပါတယ်။
အိမ်နီးချင်း ယူဂန္ဓာနိုင်ငံမှာလည်း ကူးစက်သူ ၂ ယောက် ရှိနေပြီး မေ ၁၄ ရက်က သေဆုံးသွားတဲ့ အသက် ၅၉ နှစ်အရွယ် အမျိုးသားဟာ အီဘိုလာ ကူးစက်ခံထားရတာပါ။
မြို့တော် ကင်ရှာဆာနဲ့ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ဂိုမာမြို့မှာလည်း ရောဂါကူးစက်သူရှိကြောင်း မေ ၁၇ ရက်မှာ အတည်ပြုခဲ့ပါတယ်။
အခုကူးစက်နေတာက ဘန်ဒီဘူဂျို ဗိုင်းရပ်စ်အမျိုးအစားဖြစ်ပြီး တရားဝင်ခွင့်ပြုထားတဲ့ ကာကွယ်ဆေး ဒါမှမဟုတ် ကုသဆေး မရှိသေးပါဘူး။
ဒီကူးစက်မှုဟာ လက်ရှိ သိထားတာထက် ပိုမိုကြီးမားကျယ်ပြန့်လာနိုင်တယ်လို့ WHO က သတိပေးထားပါတယ်။
အိမ်နီးချင်းနိုင်ငံတွေကို ကူးစက်နိုင်ခြေ မြင့်မားတဲ့အတွက် ရဝမ်ဒါနိုင်ငံက နယ်စပ်စစ်ဆေးမှုတွေကို တင်းကျပ်လိုက်ပါတယ်။
ဒါပေမဲ့ တခြားနိုင်ငံတွေအနေနဲ့ နယ်စပ်တွေပိတ်တာ၊ ခရီးသွားလာမှုနဲ့ ကုန်သွယ်ရေး ကန့်သတ်တာတွေ မလုပ်ဖို့ WHO က အကြံပြုထားပါတယ်။
လက်ရှိမှာ ကူးစက်ခံရသူ အရေအတွက်နဲ့ ပျံ့နှံ့မှု အတိုင်းအတာ အတိအကျကို မသိရသေးဘူးလို့ WHO ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ တက်ဒရို့စ် အဒါနမ် ဂယ်ဘရီယေးဆုက ပြောပါတယ်။
အီဘိုလာဆိုတာ ဘာလဲ၊ ဘယ်လိုကူးစက်သလဲ
ကူးစက်မှုဖြစ်ရတဲ့ အကြောင်းရင်း - အီဘိုလာဟာ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ရောဂါပါ။ ဖြစ်ပွားလေ့ သိပ်မရှိပေမဲ့ ပြင်းထန်ပြီး အသက်အန္တရာယ်ရှိပါတယ်။ အီဘိုလာဗိုင်းရပ်စ် ၃ မျိုးရှိတဲ့အထဲက အခုကူးစက်နေတာက ဘန်ဒီဘူဂျို အမျိုးအစား ဖြစ်ပါတယ်။
ကူးစက်နိုင်တဲ့ နည်းလမ်းများ - ကူးစက်ခံထားရသူရဲ့ သွေးနဲ့ အန်ဖတ်လိုမျိုး ခန္ဓာကိုယ် အရည်တွေကတဆင့် လူအချင်းချင်း ကူးစက်တာပါ။
အသေအပျောက်နှုန်း - အရင်ကဖြစ်ခဲ့တဲ့ ဘန်ဒီဘူဂျို ကူးစက်မှုတွေမှာ လူ ၃၀ ရာခိုင်နှုန်းလောက် သေဆုံးခဲ့ပါတယ်။
ရောဂါပျိုးချိန် - ကူးစက်ခံရပြီး ၂ ရက်ကနေ ၂၁ ရက်အတွင်း ရောဂါလက္ခဏာတွေ စတင်ပြသပါတယ်။
ရောဂါလက္ခဏာများ - ကနဦးလက္ခဏာတွေကတော့ ရုတ်တရက် ဖျားတာ၊ ခေါင်းကိုက်တာနဲ့ နုံးချည့်တာတွေ ဖြစ်ပါတယ်။ ရောဂါရင့်လာတဲ့အခါ အန်တာ၊ ဝမ်းလျှောတာတွေ ဖြစ်လာပြီး ခန္ဓာကိုယ်တွင်းအင်္ဂါတွေ ကောင်းကောင်းအလုပ်မလုပ်တော့ပါဘူး။ တချို့လူနာတွေမှာ ကိုယ်တွင်း၊ ကိုယ်ပ သွေးထွက်တာတွေ ဖြစ်လာနိုင်ပါတယ်။
ရောဂါ စတင်ဖြစ်ပေါ်လာပုံ - လင်းနို့လိုမျိုး ရောဂါကူးစက်ခံထားရတဲ့ တိရစ္ဆာန်တွေဆီကနေ လူဆီကို စတင်ကူးစက်တာ ဖြစ်ပါတယ်။
ကာကွယ်ဆေး - ဇိုင်ယာ (Zaire) အမျိုးအစား အီဘိုလာဗိုင်းရပ်စ်အတွက် ကာကွယ်ဆေးရှိပါတယ်။ ဒါပေမဲ့ အခုကူးစက်နေတဲ့ ဘန်ဒီဘူဂျို အမျိုးအစားအတွက် ကာကွယ်ဆေး မရှိသေးပါဘူး။










