
၂၀၂၆ ကမ္ဘာ့ဖလား အုပ်စု (A) ပွဲစဉ်အဖြစ် ဇွန် ၁၂ ရက် မနက်က ယှဉ်ပြိုင်ကစားခဲ့ကြတာမှာ တောင်ကိုရီးယားအသင်းက ချက်သမ္မတနိုင်ငံအသင်းကို (၂ - ၁) ဂိုးနဲ့ အနိုင်ရသွားပါတယ်။
မက္ကဆီကို ဂွါဒါလဟာရာမြို့က အက်စတာဒီယိုဂွါဒါလဟာရာ အားကစားကွင်းကြီးမှာ ယှဉ်ပြိုင်ကစားခဲ့ကြတာမှာ တောင်ကိုရီးယားအသင်းဟာ အုပ်စုတွင်း ပြိုင်ဘက် ချက်အသင်းကို တဂိုးရှုံးနေရာကနေ ၂ ဂိုးပြန်သွင်းပြီး ထိုက်ထိုက်တန်တန် အနိုင်ယူသွားခဲ့တာပါ။
ချက်အသင်းအတွက် လာဒီဆလပ်ခရေချီက ဒုတိယပိုင်းပွဲချိန် ၅၉ မိနစ်မှာ အဖွင့်ဂိုး သွင်းယူပေးပြီး ဦးဆောင်နိုင်ခဲ့ပါတယ်။
ဒါပေမဲ့ ပွဲချိန် ၅၉ မိနစ်နဲ့ မိနစ် ၈၀ တွေမှာ တောင်ကိုရီးယားက အင်ဘွမ်ဟွမ်နဲ့ ဟျွန်းဂယူအိုတို့ရဲ့ သွင်းဂိုးတွေကြောင့် တောင်ကိုရီးယားက ပွဲကို အနိုင်အဖြစ် ပြောင်းလဲနိုင်ခဲ့ပါတယ်။
နည်းပြ မြောင်ဘိုဟုန်းရဲ့ တောင်ကိုရီးယားအသင်းဟာ ပွဲတလျှောက်လုံး ပိုအသာစီးရခဲ့ပေမဲ့ ဆွန်ဟောင်မင်ရဲ့ လွဲချော်မှုတွေ ရှိခဲ့ပြီးနောက် ဒုတိယပိုင်းမှာ ဗလာဒီမီယာကူဖာရဲ့ လက်ပစ်ဘောပေးပို့မှုကို လာဒီဆလပ်ခရေချီက ခေါင်းတိုက်သွင်းယူပြီး ချက်အသင်းက ဦးဆောင်ခဲ့ပါတယ်။
ဒါပေမဲ့ ချက်အသင်းရဲ့ ဦးဆောင်မှုဟာ ၈ မိနစ်ပဲ ခံခဲ့ပါတယ်။ ကန်အင်လီရဲ့ ပေးပို့မှုကနေတဆင့် အင်ဘွမ်ဟွမ်က အတွင်းထဲကို ဆွဲဝင်ပြီး ဂိုးတိုင်အတွင်းဘက်ထဲကို ပါးပါးလေး လှလှပပ ကန်သွင်းယူကာ တောင်ကိုရီးယားအတွက် ချေပဂိုး သွင်းပေးခဲ့ပါတယ်။
အဲဒီနောက် တိုမတ်စ် ဆူးချက်က ပြစ်ဒဏ်ဘောကနေ ခေါင်းတိုက်သွင်းပြီး ချက်အသင်းကို ထပ်မံဦးဆောင်နိုင်အောင် လုပ်ပေးနိုင်ခဲ့တယ်လို့ ထင်ခဲ့ရပေမဲ့ ဝက်စ်ဟမ်းကွင်းလယ်လူဟာ လူကျွံဘော ဖြစ်နေခဲ့ပါတယ်။
အဲဒီနောက်မှာတော့ တောင်ကိုရီးယားအသင်းရဲ့ လူစားဝင်ကစားသမား ဟျွန်းဂယူအိုက အင်ဘွမ်ဟွမ်ရဲ့ အနိမ့်ဖြတ်တင်ဘောကို ပိတ်သွင်းပြီး အနိုင်ဂိုးကို ရယူပေးသွားခဲ့ပါတယ်။
ဒီနိုင်ပွဲကြောင့် တောင်ကိုရီးယားဟာ အုပ်စု (A) ရဲ့ အဖွင့်ပွဲစဉ်မှာ တောင်အာဖရိကကို (၂-၀) ဂိုးနဲ့ နိုင်ထားတဲ့ ပူးတွဲအိမ်ရှင် မက္ကဆီကိုအသင်းနဲ့ အမှတ်တူသွားခဲ့ပြီး နည်းစနစ်ပိုင်း အရည်အသွေး မြင့်မားမှုကို ပြသနိုင်ခဲ့တဲ့ အသင်းရဲ့ အကောင်းဆုံးစွမ်းဆောင်ရည်အတွက် ထိုက်တန်တဲ့ရလဒ်ကို ရရှိခဲ့တာ ဖြစ်ပါတယ်။










