
တိုက်ကြီးမြို့နယ်မှာ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမူ အာဏာပိုင်အဖွဲ့မှ ဥက္ကံ-ဆူးလေ YBS ၃၇ ယာဉ်လိုင်းကို ဒီနေ့ မနက်ပိုင်းက စတင်ပြေးဆွဲနေပါတယ်။
ယာဉ်လိုင်းကြီးကြပ်ရေးတာဝန်ခံ ဦးဝင်းမြင့်က" ကျနော်တို့ ကားအစီးရေ ၃၀ တောင်းဆိုထားပါတယ်။ ခု လာလောဆယ် ၁၅ စီးနဲ့ စတင်ပြေးဆွဲပါမယ်။ ကားထွက်ချိန်တစီးကို နာရီဝက်သက်မှတ်ထားတယ်။ ဥက္ကံကနေ ရန်ကုန်မြို့ထဲအထိ ပြေးဆွဲမှာဖြစ်ပြီး ကားတစ်စီးကို အသွားအပြန်တစ်ကြောင်းပဲ ပြေးဆွဲမှာပါ။ ကားမှာစပယ်ယာမပါဘူး၊ ပုံးထဲကို ခရီးသယ်က ငွေထည့်ရမှာပါ။ ယာဉ်စီးခအနေနဲ့ဥက္ကံ-တိုက်ကြီး ၃၀၀ ကျပ်၊ တိုက်ကြီး-မှော်ဘီ(TU) ၂၀၀ ကျပ်၊ မှော်ဘီ -ထောက်ကြန့် ၂၀၀ ကျပ်၊ ထောက်ကြန့်-ဆူးလေ ၃၀၀ ကျပ်နဲ့ ခရီးစဉ်အစအဆုံးကို ၁၀၀၀ ကျပ်သတ်မှတ်ထားပါတယ်" လို့ ပြောပါတယ်။
မြို့ခံ ခရီးသွားတဦးဖြစ်သူ ဦးမင်းအောင်က "ဟိုးအရင်က ဥက္ကံ-ဆူးလေကားတွေ စပြီး ပြေးဆွဲတုန်းက ရန်ကုန်မြို့ထဲအထိရောက်တော့ ကျနော်တို့မြို့က ခရီးသွားတွေ အဆင်ပြေတယ်။ ခုနောက်ပိုင်း YBS 90 တွေပြေးဆွဲပြီး ထောက်ကြန့်အထိပဲရောက်တော့ ခရီးကထောက်ပြီး အဆင့်ဆင့်ပြောင်းစီးရတာ အဆင်မပြေဘူး။ ရန်ကုန်ကနေအပြန် ကားမရှိလို့ အခက်အခဲဖြစ်တာက တမျိုး၊ ဟိုင်းဝေးခရီးသည်တင်ကားတွေကို စီးပြန်တော့ ယာဉ်စီးခက သုံးစလောက်ပိုပေးရတယ်။ အခုလို YBS ၃၇ တွေ မြို့ထဲအရောက် ဆွဲပေးတော့ ကျနော်တို့အတွက် အစဉ်ပြေပါတယ်" လို့ပြောပါတယ်။
တိုက်ကြီးမြို့နယ်မှာ ယခင်က ဥက္ကံ-ဆူးလေးယာဉ်လိုင်းမှ ကားအစီးရေ လုံလောက်စွာနဲ့ ရန်ကုန်မြို့ထဲအထိ ပြေးဆွဲခဲ့ပြီး ခရီးသွားပြည်သူတွေ အဆင်ပြေခဲ့ပေမယ့် ၂၀၁၆ ခုနှစ်မှာ ဥက္ကံ-ဆူးလေယာဉ်လိုင်းဖျတ်သိမ်ခဲ့ပြီးနောက် YBS 90 ယာဉ်လိုင်းတွေ စတင်ပြေးဆွဲရာမှာ ကားအခက်အခဲဖြစ်တာ၊ ခရီးစဉ်အစအဆုံး မရောက်ရှိတာတွေကြောင့် ခရီးသွားတွေ အခက်အခဲဖြစ်ပေါ်ခဲ့ပါတယ်။
သတင်း မေသွယ်










