
မြန်မာနိုင်ငံမှာ လက်ရှိကြုံတွေ့နေရတဲ့ အဖြစ်အပျက်တွေက ကမ္ဘာပေါ်မှာ အဆိုးရွားဆုံး လူ့အခွင့်အရေး အခြေအနေတွေထဲက တခုဖြစ်ပြီး နိုင်ငံတကာရဲ့ အာရုံစိုက်မှုနဲ့ အရေးယူ ဆောင်ရွက်မှုတွေ အရေးတကြီး လိုအပ်နေကြောင်း စောင့်ကြည်သူတွေက ပြောပါတယ်။
စစ်တပ်ဟာ တိုက်လေယာဉ်တွေတင်မကဘဲ ဒရုန်းတွေ၊ စက်တပ်လေထီး (paramotors) တွေနဲ့ Gyrocopter တွေလို နည်းပညာနဲ့ စက်ပစ္စည်း အသစ်အဆန်းတွေကိုပါ သုံးပြီး လေကြောင်းကနေ တိုက်ခိုက်နေတာကြောင့် ကမ္ဘာကြီးအနေနဲ့ အရေးတယူလုပ်ဆောင်ဖို့ လိုအပ်နေတဲ့ အလွန်စိုးရိမ်ဖွယ်ရာ လူ့အခွင့်အရေး အကျပ်အတည်းဖြစ်သလို အကျဉ်းထောင်တွင်း ကျန်ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသား အရေအတွက်ဟာလည်း အဆိုးဝါးဆုံး လူ့အခွင့်အရေးချိုးဖောက်မှုတွေထဲက စိုးရိမ်ဖွယ်တခုဖြစ်တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့် မှတ်တမ်းတင်နေတဲ့အဖွဲ့ Fortify Rights ရဲ့ အကြီးတန်းဒါရိုက်တာ ဘန်နီဒစ်ရော်ဂျာစ်က DVB နဲ့ အင်တာဗျူးမှာ ပြောပါတယ်။
ဘန်နီဒစ်ရော်ဂျာစ်က “ကမ္ဘာပေါ်မှာ အဆိုးရွားဆုံး လူ့အခွင့်အရေး အခြေအနေတွေထဲက တခုလို့ ကျနော် ပြောချင်ပါတယ်။ ဒါပေမဲ့ ဒီနေ့ကမ္ဘာမှာ ပူတင်ရဲ့ ယူကရိန်းစစ်ပွဲ၊ ဂါဇာ၊ အီရန်ရဲ့ လက်ရှိအကျပ်အတည်းနဲ့ တခြားသော အခြေအနေများစွာကြောင့် ရသင့်ရထိုက်တဲ့ အာရုံစိုက်မှုကိုတော့ မရရှိပါဘူး။ မကြာသေးမီလတွေအတွင်း နိုင်ငံရေးအကျဉ်းသားတချို့ ပြန်လွတ်လာတာတွေရှိတာ သိပေမဲ့ လက်ရှိအချိန်အထိ အရေအတွက်ဟာ ၁၄,၀၀၀ ဝန်းကျင် ရှိနေတုန်းပါပဲ။ ဒါဟာ အရင်စစ်ခေါင်းဆောင်တွေ လက်ထက်ကထက် အများကြီး ပိုမိုများပြားတဲ့ ပမာဏပါ။ အခုလို ၂၂,၀၀၀ ဒါမှမဟုတ် ၁၄,၀၀၀ အထိ ရှိနေတာကတော့ တကယ့်ကို တုန်လှုပ်ဖွယ်ရာပါပဲ။ ဒါကြောင့် ဒါဟာ ကမ္ဘာပေါ်မှာ အဆိုးရွားဆုံး လူ့အခွင့်အရေး အခြေအနေတွေထဲက တခုဖြစ်ပြီး နိုင်ငံတကာအသိုက်အဝန်းဆီက ပိုမိုများပြားတဲ့ အာရုံစိုက်မှုနဲ့ အရေးယူ ဆောင်ရွက်မှုတွေ အရေးတကြီး လိုအပ်နေပါတယ်” လို့ ပြောပါတယ်။
အင်းစိန်ထောင်တွင်းမှာ လူ့အခွင့်အရေးချိုးဖောက်မှုပေါင်းများစွာကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရပြီး “အာဏာရှင် လှောင်အိမ်” ဆိုတဲ့ မှတ်တမ်းတင်စာအုပ် ရေးသားထုတ်ဝေခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း သတင်းထောက် ကိုစိုးရာဇာထွန်း (တွန်အိုးဝေ) က သူ ကြုံတွေ့ခဲ့ရတဲ့ ဆိုးဝါးတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအကြောင်း ပြန်ပြောပြပါတယ်။
“ရောက်ရောက်ချင်း နိုင်ကျဉ်းကို ရိုက်နှက် ထုနှက်နေတာ၊ ခဏနေတော့ မိန်းမဆောင်ထဲကို သူ ဝင်သွားပြီး ပြန်ထွက်လာတော့ အဲဒီလူက သေနေပြီ။ သူ့ကို တယောက်တည်း တရွတ်တိုက် ဆွဲသွားတာပေါ့နော်။ အဲဒီဘဟူဘလီဂိတ်နဲ့ ဒီဘက်က ကျနော်တို့ အင်းစိန်ထောင်ဆေးရုံ အပေါက်နဲ့ နီးနီးလေး။ အဲဒီ အပေါက်ဝကို သူက ဆွဲခေါ်သွားတာ။ အဲဒီလို လူမဆန်တဲ့ လုပ်ရပ်တွေက အများကြီး ရှိတယ်။ နောက် စစ်ခွေးတိုက် သူတို့ အပေါက်ဝကနေ ဝင်တာနဲ့ ဒီ ဝင်းထဲကနေပြီးတော့ အပေါက်ဝကနေ သူတို့ စစ်ခွေးတိုက်ဝင်းထဲကို ဝင်တာနဲ့ မိကျောင်းလို တွားသွားပြီးတော့ သွားရတာ၊ ခဲလုံးတွေ အများကြီး ရှိတယ်၊ အဲဒီလိုနေရာကို အရောက်သွားပြီးတော့ ရှေ့ဆက်မသွားဘူးဆိုရင် အဲဒီမှာ ခွေးတွေရှိတယ်။ သူတို့ လေ့ကျင့်ပေးထားတဲ့ ခွေးတွေနဲ့ ဟောက်လား ဟိန်းလား လုပ်တယ်။ ယောက်ျားလေးတွေဆိုရင် နှိမ်တာ၊ ယောက်ျားလေးဆိုရင် ဟုတ်ကဲ့ပါဗျာလို့ မထူးရဘူး၊ ရှင်လို့ ထူးရတယ်၊ ရှင်လို့ မထူးဘဲ ဗျာလို့ ထူးရင် ခွေးတွေနဲ့ ကိုက်ခိုင်းတယ်။ ဆိုးဝါးတာက စစ်ခွေးတိုက်ထဲမှာ အိမ်သာ မရှိဘူး။ ကျနော်တို့ ဒီပြစ်ဒဏ်တိုက်ထဲမှာတောင် အိမ်သာရှိတယ်။ သာမန်အကျဉ်းသားတွေလောက် သူတို့ မစားရဘူး။ ပြစ်ဒဏ်နဲ့ ဆိုတဲ့အခါကျတော့ အချိန်မှန်ချင် မှန်မယ်၊ တနေ့ကို တရက်လောက် မကျွေးဘဲ ထားတယ်။ တချို့လူတွေဆိုရင် ၇ ရက်လောက် မကျွေးတာတွေရှိလို့ သေတဲ့လူတွေတောင် ရှိတယ်ပေါ့။”
အာဏာသိမ်းပြီးနောက်မှာ စစ်အာဏာရှင်ရဲ့ ဖမ်းဆီးခံရတဲ့ နိုင်ငံရေးအကျဉ်းသူ အကျဉ်းသား ၃၁,၅၉၆ ယောက် ရှိခဲ့ပြီး အတည်ပြုဖို့ လိုအပ်နေသူ ၇,၉၃၀ နဲ့ ပြန်လည်လွတ်မြောက်လာသူ ၉,၀၇၆ ယောက် ရှိခဲ့တာကြောင့် နိုင်ငံတဝန်း အကျဉ်းထောင်တွေထဲ ကျန်ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသား ၁၄,၅၉၀ ယောက် ကျန်ရှိနေသေးကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ရဲ့ ဇူလိုင် ၂၈ ရက် နောက်ဆုံးထုတ်ပြန်ချက်အရ သိရပါတယ်။










