DVB Logo
Home
ငြိမ်းချမ်းရေး/စစ်ရေး
ဖာပွန်စစ်စခန်းများကို ရိက္ခာပို့သည့် စစ်ကောင်စီ စစ်ကြောင်းများအား KNLA တိုက်ခိုက်
အောင်ခန့်
·
March 19, 2026
Photo:DVB
Photo:DVB
Donate to DVB

ကရင်ပြည်နယ် ဖာပွန်မြောက်ပိုင်းမှာရှိတဲ့ တပ်စခန်းတွေကို ရိက္ခာပို့ဆောင်ဖို့ ကြိုစားနေတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းတွေ တိုက်ခိုက်ခံနေရတာကြောင့် စစ်တပ်က လေကြောင်းအကူနဲ့ ရိက္ခာပို့နေရတယ်လို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ ပြောခွင့်ရ ဗိုလ်မှူးကြီး စောကလယ်ဒိုက ပြောပါတယ်။

ဖေဖော်ဝါရီနောက်ဆုံးပတ်ကစပြီး ဖာပွန်မြောက်ပိုင်း လူသောမြို့နယ်အတွင်းက စစ်ကောင်စီတပ် စခန်းတွေအတွက် ရိက္ခာပို့ဆောင်ဖို့ စစ်တပ်က စစ်ကြောင်းထိုးနေပြီ KNLA ပူးပေါင်းတပ်ဖွဲ့တွေက  ကြားဖြတ်တိုက်ခိုက်တာဖြစ်ပါတယ်။

လက်ရှိမှာ ဖာပွန်ဗျူဟာအပါအဝင် တပ်စခန်း ၁၀ ခုထက်မနည်း ကျန်ရှိနေတာကြောင့် မိုးမကျမီ တပ်စခန်းတွေဆီ ရိက္ခာပို့ဆောင်နိုင်ရေး စစ်ကောင်စီက ကြိုးစားနေတာပါ။

KNLA တပ်မဟာ ၅ ပြောခွင့်ရ ဗိုလ်မှူးကြီး စောကလယ်ဒိုက “ဖာပွန်မြောက်ပိုင်းမှာ ကျန်နေတဲ့ သူတို့ရဲ့ စခန်းတွေအတွက် သူတို့ရိက္ခာပို့ဖို့ ကြိုးစားလာတာ အခုလောက်ဆိုရင် လဝက် ကျော်ကျော် လောက် ရှိနေပြီ။ ဒါပေမဲ့ အခုထက်ထိကတော့ သူတို့တပ်စခန်းထဲကိုတော့ မြေပြင်အနေနဲ့က ရိက္ခာတွေ မရောက်ရှိနိုင်သေးဘူး။ သူတို့ လေယာဉ်ပျံက လာချပေးတဲ့ဟာလောက် ရသေးတယ်။ သူတို့ တပ်အင်အားတော့ တော်တော်လေးတော့ ရှိပါတယ်။ ဒါပေမဲ့ သူတို့ တိုက်ပွဲဖြစ်တာနဲ့ ရိက္ခာ တွေ သယ်ပို့လို့ မရသေးဘူး” လို့ ပြောပါတယ်။

ဒါ့အပြင် ဖာပွန် ကမမောင်းဒေသနဲ့ သံလွင်မြစ်ဖျားပိုင်းကို ထိန်းချုပ်နိုင်ဖို့ စစ်တပ်က စစ်ကြောင်း ထိုးနေတာလို့ ကရင်စစ်ရေးလေ့လာသူတွေက ပြောပါတယ်။

ကရင်စစ်ရေးလေ့လာသူတယောက်က “ဖာပွန်ဘက်မှာ စစ်ကြောင်းထိုးတာနဲ့ ပတ်သက်ပြီးတော့ မအလ ရည်ရွယ်ချက်ကတော့ စစ်ရေးဗျူဟာကတော့ ဖာပွန် ကမမောင်းဒေသက သံလွင်မြစ်ရဲ့ တဖက်ကမ်း မြစ်အဖျားပိုင်းကို တိုက်ရိုက်ထိန်းချုပ်နိုင်တဲ့ ဧရိယာဖြစ်တယ်။ အဲဒီတော့ တဖက်မှာက စကမရဲ့ စစ်ရေးဗျူဟာအရက တပ်မဟာ ၆ နဲ့ တပ်မဟာ ၇ ကို သူတို့ စစ်ရေးဖော်ဆောင်နိုင်ဖို့ ဒီသံလွင်မြစ်ကြောင်းကနေ စီးဆင်းလာမဲ့ ရေကြောင်းလမ်း ကုန်စည်ပို့ဆောင်ဖို့ ကိစ္စတွေကိုလည်း ဖြတ်တောက်ချင်တယ်ဆိုတဲ့ ရည်ရွယ်ချက်တခု ရှိတယ်။ ဒီအတွက်ကြောင့်လည်း အကြီးအကျယ် ထိုးစစ်တွေဆင်ပြီး တိုက်ပွဲတွေ နေ့စဉ်ရက်ဆက်ဖြစ်နေတယ်ဆိုတာက ခုနကပြောတဲ့ အချက်တွေ ပေါ်မှာ တည်နေတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲကာလ ပြီးဆုံးပြီးနောက်ပိုင်း တပ်မဟာ ၅ နယ်မြေအတွင်းက စစ်ရေးနဲ့ မဆိုင်တဲ့ နေရာတွေကို စစ်ကောင်စီက နေ့တိုင်းလိုလို လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုလုပ်ဆောင် လာတယ်လို့ တပ်မဟာ ၅ တာဝန်ရှိသူက ပြောပါတယ်။

ဒါကြောင့် မတ် ၁၀ ရက်နဲ့ ၁၁ ရက်က ဘူးသိုမြို့နယ်နဲ့ ဒွယ်လိုမြို့နယ်အတွင်းက ကျေးရွာတွေကို ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့်  ပြည်သူ ၂ ယောက် သေဆုံးပြီး ၁၄ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

ဒါ့အပြင် နေအိမ် ၂၂ လုံး၊ ခရစ်ယာန်ကျောင်းတကျောင်းနဲ့ ကား ၂ စီး ထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ထုတ်ပြန်ပါတယ်။

အောင်ခန့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013