DVB Logo
Home
မြန်မာသတင်း
ထိန်ပင် အမှိုက်ပုံ မီးကြောင့် YBS ယာဉ်လိုင်း ၂ လိုင်း ယာယီရပ်နားနိုင်
DVB
·
April 24, 2018
ထိန်ပင် အမှိုက်ပုံ မီးကြောင့် YBS ယာဉ်လိုင်း ၂ လိုင်း ယာယီရပ်နားနိုင်
Donate to DVB

ရန်ကုန် လှိုင်သာယာ ထိန်ပင်အမှိုက်ပုံမှာ လောင်နေတဲ့မီးကြောင့်  YBS 20 နဲ့ YBS 83 ဘတ်စ်ကားယာဉ်လိုင်းတွေ  ယာယီရပ်နားဖို့ ဖြစ်ပေါ်လာနိုင်တယ်လို့ သက်ဆိုင်ရာ Ominifocus YBS 20 ယာဉ်လိုင်းက ခရီးသွားပြည်သူတွေကို ကြိုတင်အသိပေး ပန်ကြားချက် ထုတ်ပြန်ထားပါတယ်။

ထိန်ပင် အမှိုက်ပုံမီးဟာ ယာဉ်စီးရေ ၅၀၀ လောက် ရပ်နားထားတဲ့ နေရာနဲ့ နီးကပ်နေလို့ ယာဉ်တွေ အရေးပေါ်  နေရာရွှေ့ပြောင်းရမယ်ဆိုပါက ယာဉ်မောင်းအခက်အခဲကြောင့် YBS 20 နဲ့ YBS 83 ယာဉ်လိုင်းတွေကို ယာယီရပ်နားဖို့ ဖြစ်ပေါ်လာနိုင်တယ်။ ဒါကြောင့် ခရီးသွားပြည်သူတွေ အခက်အခဲဖြစ်ပေါ်နိုင်ပြီး ယာဉ်လိုင်းတွေ ပြေးဆွဲမှု ယာယီရပ်နားပါက အချိန်မီ ကြိုတင်အသိပေး အကြောင်းကြားသွားမယ်လို့ ယာဉ်လိုင်းရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်ရှိ ထိန်ပင်အမှိုက်ပုံမှာ ဧပြီ ၂၁ ရက်ကစပြီး အမှိုက်တွေ မီးလောင်နေတာကြောင့် မီးခိုးတွေ အဆမတန်ထွက်ရှိနေပြီး လေလမ်းကြောင်းသင့်ရာ မြို့နယ်တွေက ဒေသခံတွေ မီးခိုးညှော်နံ့တွေနဲ့ လေထုညစ်ညမ်းမှုဒဏ် ခံစားနေရတာ ဖြစ်ပါတယ်။

မီးသတ်တပ်ဖွဲ့က အမှိုက်ပုံ မီးငြှိမ်းသတ်ဖို့နဲ့  တခြားကို မီးမကူးစက်အောင် လုပ်ဆောင်နေရာမှာ အနည်းဆုံး ဧပြီ ၂၇ ရက်လောက်မှ လောင်စာကုန်ပြီး မီးလောင်တာ ရပ်သွားလိမ့်မယ်လို့ ခန့်မှန်းတဲ့အကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ဒုဌာနမှူး ဒေါက်တာအောင်မြင့်မော်က နိုင်ငံပိုင် သတင်းစာနဲ့ တွေ့ဆုံမေးမြန်းရာမှာ ပြောပါတယ်။

အမှိုက်မီးလောင်မှုကြောင့် ထွက်သွားတဲ့အမှုန်တွေဟာ လေထဲမှာ ပျံ့နှံနေတဲ့အတွက်  ပြည်သူတွေ အန္တရာယ်မရှိအောင် mask တွေ တပ်ထားကြဖို့၊ မီးခိုးအနံ့ကြောင့် ရင်ကျပ်တာတွေ ဖြစ်နိုင်သလို အဆုတ်ရောဂါရှိသူတွေ ချောင်းဆိုး၊ ရင်ဘတ်အောင့်၊ အသက်ရှူကျပ်တာ ဖြစ်ပွားပါက နီးစပ်ရာဆေးခန်းကို အမြန်ဆုံးပြသင့်တယ်လို့လည်း ပြောပါတယ်။

ဓာတ်ပုံ-Ominifocus

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013