
သတင်းဌာန ၃ ခုကို အိမ်ဖြူတော်ဝင်ခွင့် ပိတ်ပင်မှုကို ကန့်ကွက်တဲ့အနေနဲ့ အမေရိကန်ရုပ်သံကြီး ABC၊ CBS၊ CNN၊ Fox News နဲ့ NBC စတဲ့ ၅ ခုက သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ အခမ်းအနားတွေကို ပူးတွဲသတင်းရိုက်ကူးပေးမှု စက်တင်ဘာ ၂၁ ရက်မှာ ရပ်ဆိုင်းခဲ့ပါတယ်။
ထရမ့်ပ်က CNN၊ MS NOW နဲ့ Politico တို့ကို “သတင်းတု” ဖြန့်တယ်လို့ စွပ်စွဲပြီး စက်တင်ဘာ ၁၈ ရက်မှာ အိမ်ဖြူတော်ဝင်ခွင့် ပိတ်ပင်ခဲ့ပါတယ်။
ပူးတွဲရိုက်ကူးမှုစနစ်မှာ ရုပ်သံတခုစီက အလှည့်ကျ ရိုက်ကူးပြီး ကျန်ဌာနတွေကို ရုပ်သံဖိုင် မျှဝေပေးပါတယ်။
CNN ရဲ့ အလှည့်မှာ ရိုက်ကူးခွင့်မရတဲ့အတွက် ကျန်ရုပ်သံတွေက အစားထိုးမရိုက်ပေးဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
“သတင်းဖော်ပြမှုကို မကြိုက်လို့ ဘယ်အစိုးရကမှ သတင်းဌာနတခုကို မကန့်သတ်သင့်ဘူး” လို့ ရုပ်သံ ၅ ခုက ပူးတွဲကြေညာပါတယ်။
ထရမ့်ပ်ရဲ့ ရဟတ်ယာဉ်ကွင်းဖွင့်ပွဲကိုတော့ အိမ်ဖြူတော်ဝက်ဘ်ဆိုက်ကပဲ တိုက်ရိုက်လွှင့်ခဲ့ပြီး အသံမပါခဲ့ပါဘူး။
ပိတ်ပင်ခံရတဲ့ သတင်းဌာန ၃ ခုကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေက အာမခံထားတဲ့ သတင်းလွတ်လပ်ခွင့်ကို ချိုးဖောက်တယ်ဆိုပြီး စက်တင်ဘာ ၂၁ ရက်မှာ ထရမ့်ပ်အစိုးရကို တရားစွဲခဲ့ပါတယ်။
ပိတ်ပင်မှုကို ယာယီရပ်ဆိုင်းပေးဖို့ တောင်းဆိုထားပြီး တရားရုံးက စက်တင်ဘာ ၂၃ ရက်မှာ ကြားနာဖို့ သတ်မှတ်ထားပါတယ်။ ထရမ့်ပ်ကတော့ သတင်းလွတ်လပ်ခွင့်ကို တိုက်ခိုက်နေတာမဟုတ်ဘဲ “သတင်းတု” တွေကို တိုက်ခိုက်နေတာလို့ ပြောပါတယ်။











