
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မှာ တပတ်အတွင်း လူကြီး၊ လူငယ် စုစုပေါင်း ၁၀၀ ကျော်ကို စစ်အာဏာရှင်တပ်က ပေါ်တာဆွဲ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မေ ၈ ရက်ကနေ ၁၄ ရက်အထိ ရွှေဘိုမြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ စက်မှုဇုန်၊ သရက်ခြံ၊ စိန်ဘုရား၊ နွားလေးကုန်း၊ ထူထောင်ရေးနဲ့ ဘူတာ စတဲ့ ရပ်ကွက်တွေအပြင် ဈေးကြီးရှေ့၊ ကားကြီးကွင်း၊ မြို့တွင်း ကားဂိတ်တွေ၊ ပွဲရုံတွေနဲ့ ဈေးဆိုင်တွေကနေ အလုပ်သွား အလုပ်ပြန် လုပ်နေသူတွေနဲ့ ခရီးသွားလူငယ်တွေကို ပေါ်တာဆွဲခဲ့တာ ဖြစ်ပါတယ်။
ဖမ်းဆီးတဲ့နေ့မှာပဲ ငွေကျပ် သိန်း ၁၀၀ ကနေ ၁၅၀ အထိ ချက်ချင်း တောင်းခံလေ့ရှိပြီး၊ ငွေမတတ်နိုင်သူတွေကိုတော့ အမှတ် ၈ လေ့ကျင့်ရေးတပ်ကို ပို့ဆောင်လိုက်တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
အခုလို ဖမ်းဆီးမှုတွေနဲ့ ပတ်သက်ပြီး မြို့ခံတယောက်က “အခုရက်ပိုင်း ပေါ်တာတွေ တအားဆွဲနေတာပါ။ ကားအသေး ၃ စီး၊ ကားအကြီး ၅ စီးနဲ့ ပတ်ပြီး ဆွဲနေတာဖြစ်ပါတယ်။ ဈေးဆိုင်တွေမှာ လူ ၂ ယောက်ရှိရင် တယောက်ကို ခေါ်သွားသလို၊ ကုန်ကားတွေမှာလည်း ယောကျ်ားလေး ၂ ယောက် ပါရင် တယောက်ကို ဆွဲချပြီး ဘာမှမမေးဘဲ တန်းခေါ်သွားတာပါ။ အများဆုံးကတော့ စည်ကားတဲ့ ဈေးတောင်ဘက်၊ ဈေးမြောက်ဘက်နဲ့ မီးသတ်ရုံးရှေ့ လမ်းဘေးဝဲယာက လူတွေရယ်။ ဦးပေတလူးဇရပ် ကားဂိတ်လို နေရာမျိုးတွေကနေ အများဆုံး ပါသွားတာပါ။ အဖမ်းခံရမှန်းသိလို့ ချက်ချင်း လိုက်ရင်တောင် ငွေကျပ် သိန်း ၁၀၀၊ ၁၅၀ လောက်ထိ မတတ်နိုင်တဲ့နှုန်းတွေ တောင်းနေတာဆိုတော့ လူငယ်တွေကို စစ်ထဲ အတင်းအဓမ္မ ဆွဲသွင်းနေတာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
စစ်တပ် လော်ဘီတွေဘက်ကတော့ ရွှေဘိုမြို့မှာ ပေါ်တာဆွဲတာတွေမရှိဘူးလို့ သတင်းအမှားတွေ ဖြန့်နေပေမဲ့ မြေပြင်မှာတော့ တပတ်အတွင်း လူ ၁၀၀ ကျော်ကို ဖမ်းဆီးပြီး လူတယောက်ကို ငွေကျပ်သိန်းရာချီ ငွေညှစ်တောင်းခံတာတွေရှိနေတာပါ။
ဒါ့အပြင် မြို့တွင်း အဝင်အထွက် ယာဉ်တွေဆီကနေလည်း စစ်တပ်၊ ရဲနဲ့ ပျူစောထီးတွေက ငွေကြေးတောင်းခံနေတယ်လို့ သိရပါတယ်။
အခုလို ပေါ်တာဆွဲ ဖမ်းဆီးတာတွေ၊ ငွေညှစ်ခြိမ်းခြောက်တာတွေကြောင့် ရွှေဘိုမြို့ပေါ်က လူငယ်အများစုဟာ နီးစပ်ရာ ကျေးရွာတွေဆီ ပြောင်းရွှေ့နေကြရပါတယ်။
ဒီအတွက်ကြောင့် မြို့ပေါ်က စက်ရုံ၊ အလုပ်ရုံတွေနဲ့ ဈေးဆိုင်တွေမှာ လုပ်သားရှားပါးမှု ပြဿနာကို ရင်ဆိုင်နေကြရပြီး နယ်ဝေးက ပြည်သူတွေဟာလည်း မြို့ပေါ်ကို ကိုယ်တိုင်ကိုယ်ကျ မလာရဲကြတော့ဘဲ ကုန်ကားတွေကနေတဆင့်ပဲ မှာယူရောင်းဝယ်နေကြရတယ်လို့ သိရပါတယ်။










