
အနောက်အာဖရိက အခြေစိုက် အယ်လ်ကိုင်းဒါး လက်အောက်ခံအဖွဲ့ဟာ နိုင်ဂျာနိုင်ငံမြို့တော်က လေဆိပ်နဲ့ စစ်ဘက်ဆိုင်ရာ လေတပ်စခန်းကို တိုက်ခိုက်ခဲ့မှုဟာ သူတို့လက်ချက်ဖြစ်တယ်လို့ ဇွန် ၁၈ ရက်မှာ ထုတ်ဖော်ပြောပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁၁ ယောက် သေဆုံးခဲ့တယ်လို့ အစိုးရက ပြောကြားခဲ့ပြီး ဆာဟဲလ်ဒေသတွင်း ဆက်လက်ဖြစ်ပွားနေတဲ့ မတည်ငြိမ်မှုတွေကို မီးမောင်းထိုးပြနေပါတယ်။
မြောက်ဘက် နီယာမေးမြို့မှာ ကြာသပတေးနေ့က ဖြစ်ပွားခဲ့တဲ့ အဲဒီတိုက်ခိုက်မှုဟာ ဒေသစံတော်ချိန် မနက် ၆ နာရီ ဝန်းကျင်မှာ စတင်ခဲ့ပြီး ၂ နာရီကျော် ကြာမြင့်ခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။
အစ္စလာမ္မစ်နိုင်ငံတော် ဆာဟဲလ်ပြည်နယ်ခွဲ (ISSP) လို့ လူသိများတဲ့ ဒေသတွင်း အိုင်စစ် လက်အောက်ခံအဖွဲ့က ဇန်နဝါရီလတုန်းကလည်း အဲဒီနေရာကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပြီး နောက်ပိုင်းမှာ ဒါဟာ အခုနှစ်အတွင်းမှာ အဲဒီလေဆိပ်ဝင်းကို ဒုတိယအကြိမ်မြောက် တိုက်ခိုက်တာလည်း ဖြစ်ပါတယ်။
နိုင်ဂျာနိုင်ငံပိုင် ရုပ်သံလိုင်းဖြစ်တဲ့ ORTN က ထုတ်လွှင့်ပြသခဲ့တဲ့ ရုပ်သံဖိုင်တွေမှာ လေဆိပ်ရဲ့ ကုန်စည်ပို့ဆောင်ရေး အဆောက်အအုံတွေအနီး ကင်းလှည့်နေတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ မြေသားလမ်းပေါ်မှာ လှဲလျောင်းနေတဲ့ သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို တွေ့ရပါတယ်။
JNIM အယ်လ်ကိုင်းဒါး လက်အောက်ခံအဖွဲ့ဟာ သူတို့ရဲ့ တရားဝင် မီဒီယာဌာနဖြစ်တဲ့ အက်ဇ်ဇာလာကာ ဖောင်ဒေးရှင်းကနေတဆင့် ထုတ်ပြန်ချက်တခု ထုတ်ပြန်ပြီး နောက်ဆုံးဖြစ်ပွားခဲ့တဲ့ ဒီတိုက်ခိုက်မှုဟာ သူတို့လက်ချက်ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။
JNIM အဖွဲ့ဟာ ဘာကီနာဖာဆိုနဲ့ မာလီနိုင်ငံတွေမှာလည်း လှုပ်ရှားနေတာဖြစ်ပြီး ပြီးခဲ့တဲ့ ဧပြီလတုန်းက အဲဒီနိုင်ငံတွေမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။
အဲဒီတုန်းက မြို့တော် ဘာမာကိုမှာရှိတဲ့ လေဆိပ်ကို စီးနင်းတိုက်ခိုက်ခဲ့ပြီး ကာကွယ်ရေးဝန်ကြီးကို သတ်ဖြတ်ခဲ့သလို စစ်တပ်အခြေစိုက်စခန်း တော်တော်များများကိုလည်း သိမ်းပိုက်ခဲ့ပါတယ်။
Source: Reuters










