
ဂျပန်နိုင်ငံအလယ်ပိုင်း၊ တိုချီဂီ စီရင်စုမှာ ဝက်ဝံတွေ ခဏခဏ တွေ့နေရတဲ့အတွက် ဇွန် ၁၇ ရက်က ဝက်ဝံအန္တရာယ် ကာကွယ်ရေးအတွက် အရေးပေါ်တပ်ဖွဲ့က ဦးဆောင်ပြီး တုံ့ပြန်မဲ့ ဇာတ်တိုက် လေ့ကျင့်မှု တရပ်ကို မူလတန်းကျောင်းတခုမှာ ပြုလုပ်ခဲ့ပါတယ်။
လွန်ခဲ့တဲ့ တပတ်လောက်ကတင် လူဦးရေ ၅ သန်းကျော်ရှိတဲ့ အနီးအနားက အူဆူနိုမိယမြို့မှာ ဝက်ဝံအမည်းတကောင်ကြောင့် မြို့တခုလုံး အသွားအလာ လုံးဝရပ်တန့်သွားခဲ့ရပြီး ဒေသတွင်း အစိုးရကျောင်းပေါင်း ၁၀၀ နီးပါးနဲ့ တက္ကသိုလ်ဝင်းကိုပါ ၃ ရက်ဆက်တိုက် ပိတ်ခဲ့ရပြီးနောက်မှာ ပြည်သူတွေ စိုးရိမ်စိတ် ပြေပျောက်စေဖို့အတွက် လေ့ကျင့်တာ ဖြစ်ပါတယ်။
အဲဒီဝက်ဝံကိုတော့ ဇွန် ၉ ရက်က မြို့ဆင်ခြေဖုံး လူနေရပ်ကွက်တခုထဲမှာ ဖမ်းဆီးနိုင်ခဲ့ပါတယ်။
ဗုဒ္ဓဟူးနေ့ကလုပ်တဲ့ ဇာတ်တိုက်လေ့ကျင့်မှုဟာ တကယ်လို့ ဝက်ဝံ ဝင်လာခဲ့ရင် အာဏာပိုင်တွေ ဘက်က အပိုင်တုံ့ပြန်နိုင်ဖို့ ဆက်တိုက်လုပ်ဆောင်နေတဲ့ လေ့ကျင့်မှုတွေထဲက တစိတ်တပိုင်း ဖြစ်တယ်လို့ တိုချီဂီ စီရင်စုရဲ့ တောရိုင်းတိရစ္ဆာန်ကာကွယ်ရေးဌာန အကြီးအကဲ တက်ဆုယ မာရုယာမက ပြောပါတယ်။
ဒီဇာတ်တိုက်လေ့ကျင့်မှုမှာ ဒေသခံရဲတပ်ဖွဲ့၊ လိုင်စင်ရမုဆိုးတွေနဲ့ အစိုးရအရာရှိတွေ ပါဝင်ခဲ့ကြပြီး ဝက်ဝံ ဝတ်စုံဝတ် ဝန်ထမ်းတယောက်ကို ထောက်လှမ်းရေးဒရုန်း၊ မြေပုံတွေသုံးကာ ရှာဖွေပြီး ဆိတ်ခြံအနီး ပိတ်ဆို့ ဖမ်းဆီးခဲ့ပုံကို လေ့ကျင့်ခဲ့တာပါ။
ဒါ့အပြင် ဒေသခံအရာရှိတွေဟာ ဝက်ဝံအရွယ်အစားရှိတဲ့ ကတ်ထူပြား အရုပ်တွေကို ဝက်ဝံ နှိမ်နင်းရေး စပရေးနဲ့ ပက်ဖျန်းတဲ့ လေ့ကျင့်ခန်းကိုလည်း လုပ်ခဲ့ကြပါတယ်။
ဂျပန်နိုင်ငံမှာ မြို့ပြတွေအထိပါ ဝက်ဝံတိုက်ခိုက်မှုတွေ သိသိသာသာ များပြားလာလို့ ဖြစ်ပွားမှုနှုန်း လျော့ကျသွားအောင် အစိုးရက ဒီနှစ်ထဲမှာပဲ အထူးအဖွဲ့တခု ဖွဲ့စည်းခဲ့ပါတယ်။
ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနရဲ့ စာရင်းအရ ၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ဝက်ဝံကြောင့် လူ ၂၃၈ ယောက် ထိခိုက်ဒဏ်ရာရခဲ့ပြီး ၁၃ ယောက်အထိ သေဆုံးခဲ့ရပါတယ်။
ဇွန်လအစောပိုင်းတုန်းကလည်း ဖူကူရှီးမားမြို့မှာ ဝက်ဝံတိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၄ ယောက် ဒဏ်ရာရခဲ့ပြီး လုံခြုံရေးကင်မရာတခုရဲ့ မှတ်တမ်းထဲမှာ ဝက်ဝံက လူတယောက်နောက်ကို လိုက်ပြေးဆွဲပြီး မြေပြင်ပေါ် လှဲချလိုက်တဲ့အထိ အခြေအနေဆိုးခဲ့တာကို တွေ့ခဲ့ရပါတယ်။
Source: Reuters











