
အီရန်နိုင်ငံမှာ သမ္မတ ဒေါ်နယ်ထရမ့်ပ် ထပ်မံစစ်ရေးမဆင်နွှဲနိုင်အောင် ဟန့်တားမဲ့ ဆုံးဖြတ်ချက်ကို အမေရိကန် အောက်လွှတ်တော်က ဇွန် ၃ ရက်နေ့မှာ အတည်ပြုလိုက်ပါတယ်။
ရီပတ်ဘလီကန်ပါတီဝင် အမတ် ၄ ယောက်က ဒီမိုကရက်တွေနဲ့ ပူးပေါင်းမဲပေးခဲ့လို့ ဒီဆုံးဖြတ်ချက်ဟာ ၂၁၅ မဲ၊ ၂၀၈ မဲနဲ့ အတည်ဖြစ်ခဲ့တာပါ။
ဒါဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကတည်းက စတင်ခဲ့တဲ့ စစ်ပွဲအပေါ် လွှတ်တော်က စတုတ္ထအကြိမ်မြောက် ထိန်းကျောင်းဖို့ ကြိုးပမ်းတာ ဖြစ်ပါတယ်။
ဒါပေမဲ့ ဒီဆုံးဖြတ်ချက် ထိရောက်ဖို့ ရီပတ်ဘလီကန်ပါတီ အများစု ထိန်းချုပ်ထားတဲ့ အထက်လွှတ်တော်ရဲ့ အတည်ပြုချက် လိုအပ်နေပါသေးတယ်။
အထက်လွှတ်တော်က အတည်ပြုရင်တောင် ထရမ့်ပ်က ဗီတိုအာဏာနဲ့ ပယ်ချနိုင်ပြီး ဒါကို ကျော်ဖြတ်ဖို့ လွှတ်တော် နှစ်ရပ်စလုံးမှာ သုံးပုံနှစ်ပုံ ထောက်ခံချက် လိုပါတယ်။
အလားတူ ဆုံးဖြတ်ချက်မျိုးကို မေလထဲမှာ အထက်လွှတ်တော်မှာ တင်ခဲ့ဖူးပေမဲ့ ၇ ကြိမ်တိတိ မအောင်မမြင်ဖြစ်ခဲ့ပြီး အထက်လွှတ်တော်အမတ်အားလုံး မဲခွဲတဲ့အဆင့်ကို မရောက်ခဲ့သေးပါဘူး။
အောက်လွှတ်တော် နိုင်ငံခြားရေးကော်မတီ ဒီမိုကရက်အမတ် ဂရက်ဂရီမိခ်စ်ကတော့ ဒါဟာ ထရမ့်ပ်ရဲ့ တရားမဝင် စစ်ပွဲကို ပြင်းပြင်းထန်ထန် ကန့်ကွက်လိုက်တာလို့ ဆိုပါတယ်။
အမေရိကန်နဲ့ အီရန်တို့ဟာ ဧပြီ ၈ ရက်နေ့မှာ အပစ်ရပ်ဖို့ သဘောတူခဲ့ပေမဲ့ မကြာသေးခင်က တိုက်ခိုက်မှုတွေ ပြန်ဖြစ်ခဲ့ပါတယ်။
ဒါပေမဲ့ ထရမ့်ပ်ကတော့ စစ်ပွဲအဆုံးသတ်ဖို့ ဆွေးနွေးမှုတွေဟာ အင်မတန်အဆင်ပြေနေပြီး ဒီသီတင်းပတ်ကုန်မှာ အပြီးသတ်နိုင်မယ်လို့ ပြောပါတယ်။
ရီပတ်ဘလီကန်အမတ် တွမ်ဘဲရက်တ်က “လွှတ်တော်တခုတည်းကသာ စစ်ကြေညာခွင့်ရှိပြီး ဒါကို ကျနော်တို့ ကာကွယ်ဖို့ လိုအပ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
Source: Reuters











