
ဆွစ်ဇာလန်နိုင်ငံမှာ လူဦးရေကို ၁၀ သန်းအထိပဲ ကန့်သတ်ထားဖို့ အဆိုပြုချက်အပေါ် ဇွန် ၁၄ ရက် နေ့ (တနင်္ဂနွေနေ့မှာ) ဆန္ဒမဲပေးပြီး ပြည်သူ့ဆန္ဒခံယူဆုံးဖြတ်မှာ ဖြစ်ပါတယ်။
ဒီအဆိုပြုချက်ကို လက်ယာစွန်း ဆွစ်ပြည်သူ့ပါတီက ထောက်ခံထားပြီး အိမ်ရာပြဿနာနဲ့ အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုတွေအပေါ် ဝန်ထုပ်ဝန်ပိုးဖြစ်တာကို လျှော့ချနိုင်မယ်လို့ ပြောပါတယ်။
ဒါပေမဲ့ အစိုးရနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကတော့ ဒါဟာ ရူးသွပ်တဲ့ အစီအစဉ်ဖြစ်ပြီး ဟိုတယ်နဲ့ ဆေးရုံတွေမှာ လုပ်သားရှားပါးမှု ဖြစ်လာနိုင်တယ်လို့ ကန့်ကွက်ထားပါတယ်။
ဆွစ်ပြည်သူ့ပါတီက ဒေသခံနိုင်ငံရေးသမား နစ်လ်စ် ဖစ်ချ်တာ (Nils Fiechter) က ထိန်းချုပ်မှု မရှိတဲ့ လူဝင်မှုကြီးကြပ်ရေးကြောင့် ဆွစ်ဇာလန်နိုင်ငံရဲ့ ပုံစံ ပျက်စီးနေပြီလို့ ဝေဖန်ပါတယ်။
ဆိုရှယ်ဒီမိုကရက်ပါတီက ဟီလင် ဂျန်းနစ် (Helin Genis) ကတော့ အိမ်ခြံမြေဈေးနှုန်းနဲ့ ကျန်းမာရေးအာမခံကြေး ကြီးမြင့်တာဟာ ရွှေ့ပြောင်းနေထိုင်သူတွေကြောင့် မဟုတ်ဘူးလို့ ငြင်းဆို ပါတယ်။
လက်ရှိ ဆွစ်ဇာလန်ရဲ့ လူဦးရေဟာ ၉ ဒသမ ၁ သန်း ရှိနေပြီး အဲဒီအထဲက ၂၇ ရာခိုင်နှုန်းဟာ ပြည်ပမှာ မွေးဖွားသူတွေ ဖြစ်ပါတယ်။
အကြိုစစ်တမ်းတွေအရတော့ ဒီအဆိုပြုချက်ကို ကန့်ကွက်သူ ၅၂ ရာခိုင်နှုန်းနဲ့ ထောက်ခံသူ ၄၅ ရာခိုင်နှုန်းရှိလို့ ရလဒ်က အကြိတ်အနယ် ရှိနိုင်ပါတယ်။
Source:Reuters











