
နေရပ်စွန့်ခွာနေရသူ ၆ သိန်းနီးပါးရှိနေတဲ့ ရခိုင်က စစ်ဘေးရှောင်တွေထဲမှာ အမျိုးသမီးတွေ အများဆုံး ပါဝင်နေပြီး စားဝတ်နေရေး အခက်အခဲတွေကြားက လစဉ်သုံးပစ္စည်း (Pad) တွေ ဝယ်မသုံးနိုင်တာ၊ ကူညီထောက်ပံ့မှု အားနည်းတာတွေကြောင့် ကျန်းမာရေးထိခိုက်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ရခိုင်ဒေသအတွင်း တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာနေရတဲ့ စစ်ဘေးရှောင်ပြည်သူ ၆ သိန်းနီးပါး အခြေအနေဟာ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ နေထိုင်ရေး အခက်အခဲတွေကြားမှာ ဖြတ်သန်းနေကြရတာပါ။
အထူးသဖြင့် စစ်ဘေးရှောင် အမျိုးသမီးတွေမှာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုတွေအပြင် လစဉ်သုံးပစ္စည်း လိုအပ်မှုတွေကိုပါ အဆိုးရွားဆုံး ရင်ဆိုင်နေကြရပါတယ်။
စစ်ဘေးရှောင်စခန်းတွေမှာ နေထိုင်သူ အများစုဟာ နေ့စားလုပ်ကိုင်သူတွေ ဖြစ်ကြပြီး တနေ့လုပ်အားခ ကျပ် ၅,၀၀၀ ကနေ ၁၀,၀၀၀ ဝန်းကျင်သာ ရရှိပေမဲ့လည်း တနေ့တာ စားစရိတ်မှာ ကျပ် ၂၅,၀၀၀ လောက်အထိ ကုန်ကျမှုရှိနေတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။
ဒါ့အပြင် ရခိုင်မှာ အမျိုးသမီးလစဉ်သုံး Pad တထုပ်ရဲ့ ဈေးနှုန်းဟာ အနိမ့်ဆုံး ၃,၅၀၀ ကျပ် ရှိနေတာကြောင့် တနေ့လုပ်အားခ ကျပ် ၅,၀၀၀ ဝန်းကျင်သာရတဲ့ စစ်ဘေးရှောင် အမျိုးသမီးတွေ အတွက် လစဉ်သုံးပစ္စည်း ဝယ်ယူနိုင်ဖို့က မတတ်နိုင်တဲ့ အနေအထားတခု ဖြစ်နေတာပါ။
စစ်ဘေးရှောင်အမျိုးသမီးတယောက်က “မရှိတဲ့သူတွေကတော့ တောတောင်ထဲမှာ ရှင်းစားကြရတယ်၊ တရက်လုပ်မှ ထမင်းတနပ်စားရတဲ့ ဘဝတွေပါ။ ခုတောင် စားဝတ်နေရေး ဒီလောက်ခက်ခဲနေတာ၊ မိုးရာသီဆိုရင် ဘယ်လိုမှ အဆင်ပြေမှာမဟုတ်ပါဘူး။ သက်ဆိုင်ရာ လူကြီးတွေက အဲဒါတွေကိုလည်း စဉ်းစားပေးစေချင်ပါတယ်။ အခုလို စစ်ဘေးရှောင်ဘဝမှာ မိန်းကလေးတွေ အနေနဲ့ ပိုကျပ်တည်းလာကြတော့ ဓမ္မတာလာစဉ်မှာ ဖြစ်သလို သုံးကြရတာလေ။ ဒါကြောင့် ပိုးတွေဝင်ပြီး ဆေးခန်းသွားရတာ ရှိပါတယ်။ အဲဒါတွေလည်း ကြုံဖူးတယ်၊ မြင်လည်း မြင်ဖူးတယ်” လို့ ပြောပါတယ်။
လစဉ်သုံးပစ္စည်းတခုကို ၄ နာရီတကြိမ် လဲလှယ်အသုံးပြုသင့်တယ်လို့ ကျန်းမာရေးအသိုင်းအဝိုင်းက အကြံပြုထားပေမဲ့ စစ်ဘေးရှောင်အမျိုးသမီးတွေကတော့ Pad တထုပ်တည်းကိုပဲ တရက်လုံး အသုံးပြုနေကြရတာပါ။
အခုလို အချိန်ကြာမြင့်စွာ အသုံးပြုတာနဲ့ မသန့်ရှင်းတဲ့ ပစ္စည်းတွေကို ဖြစ်သလို အသုံးပြုရတဲ့အတွက် ပိုးဝင်တာ၊ ရောဂါကူးစက်တာတွေ ဖြစ်ပွားပြီး ဆေးခန်းပြရတဲ့အထိ ဖြစ်နေကြရပါတယ်။
ရခိုင်က ပရဟိတအဖွဲ့တွေအနေနဲ့ စစ်ဘေးရှောင်စခန်းတွေကို လစဉ်သုံးပစ္စည်း သွားရောက်လှူဒါန်းမှုတွေ ရှိနေပေမဲ့ လိုအပ်ချက်ကတော့ ကြီးမားနေဆဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မေ ၁၄ ရက်က ပုဏ္ဏားကျွန်းမြို့နယ်၊ စစ်ဘေးရှောင်စခန်းတခုရှိ အမျိုးသမီး ၈၀ နီးပါးအတွက် တယောက်ကို လစဉ်သုံးပစ္စည်း (Pad) ၄ ထုပ်စီ လှူဒါန်းခဲ့တယ်လို့ ရခိုင်မျိုးချစ်လူငယ်ဖောင်ဒေးရှင်းက တာဝန်ရှိသူ ကိုမျိုးချစ်က ပြောပါတယ်။
“လက်ရှိကတော့ ကျနော်တို့ ပုဏ္ဏားကျွန်းမြို့နယ်ထဲမှာ စစ်ဘေးရှောင်စခန်းတွေကတော့ အများကြီး ရှိတယ်ပေါ့နော်။ အခုကတော့ ကျနော်တို့ ကမ့်ပ်တွေ အများကြီးထဲက ကမ့်ပ်တခုပေါ့နော်၊ အရွယ်ရောက်ပြီးသား အမျိုးသမီး ၈၀ လောက်ကို ကျနော်တို့ အမျိုးသမီး လစဉ်သုံး ထောက်ပံ့ ကူညီနိုင်ခဲ့တယ်ပေါ့။ တခြားကမ့်ပ်တွေကလည်း အများကြီး ကျန်သေးတယ်။ ဒီကြားထဲမှာ ကျနော်တို့ကတော့ တခြားကမ့်ပ်တွေကိုလည်း ထောက်ပံ့နိုင်ဖို့လို့ ကြိုးစားနေတာတော့ ရှိတယ်ဗျ။ ဒါပေမဲ့ ပြည်ပကနေပြီးတော့ ကျနော်တို့ကို အလှူငွေတွေ ထောက်ပံ့ကူညီလာတဲ့အခါကျတော့ ကျနော်တို့ ဒီထက်များများ ထောက်ပံ့ပေးနိုင်မှာပေါ့နော်။”
လက်ရှိမှာ ကူညီပေးနေတဲ့ ပရဟိတ အဖွဲ့အစည်းတွေအနေနဲ့ စစ်ဘေးရှောင်စခန်းတွေမှာ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေအပြင် အမျိုးသမီးတွေရဲ့ ကျန်းမာရေးအတွက် လစဉ်သုံးပစ္စည်း လိုအပ်ချက်ကိုပါ ထည့်သွင်းစဉ်းစားပေးဖို့ တိုက်တွန်းမှုတွေလည်း ရှိနေပါတယ်။










