၂၀၂၆ ဖီဖာကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကြီးရဲ့ ပထမဆုံး အဖွင့်ပွဲစဉ်ကို မက္ကဆီကိုစီးတီး အားကစားကွင်းမှာ ဒေသစံတော်ချိန် ဇွန် ၁၁ ရက်က စတင်ယှဉ်ပြိုင်ခဲ့ကစားခဲ့ကြတာမှာ ပူးတွဲ အိမ်ရှင် မက္ကဆီကို အသင်းက တောင်အာဖရိကအသင်းကို (၂-၀) ဂိုးနဲ့ အနိုင်ရသွားပါတယ်။
ဂျူလီယန် ကွီနိုနက်စ်နဲ့ ရာအူးလ် ဟီမင်နက်ဇ်တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ မက္ကဆီကိုအသင်းဟာ တောင်အာဖရိကအသင်းကို အနိုင်ရရှိပြီး အဖွင့်လှခဲ့တာပါ။
ကွီနိုနက်စ်က ၂၀၀၆ ခုနှစ် နောက်ပိုင်း ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ အစောဆုံး အဖွင့်ဂိုးကို ပထမပိုင်းစပြီး ပွဲချိန် ၉ မိနစ်မှာ သွင်းယူခဲ့သလို စိတ်လှုပ်ရှားနေတဲ့ ဟီမင်နက်ဇ်ကလည်း ဒုတိယပိုင်း ၆၇ မိနစ်မှာ ခေါင်းတိုက်သွင်းယူခဲ့တဲ့ သူ့ရဲ့ ကစားသမားဘဝ ပထမဆုံး ကမ္ဘာ့ဖလား သွင်းဂိုးနဲ့ အတူ မက္ကဆီကိုအတွက် ဒုတိယဂိုးကို သွင်းယူပေးခဲ့ပါတယ်။
ဒီပွဲ ဒုတိယပိုင်းမှာတော့ ကစားသမား ၃ ဦး ထုတ်ပယ်ခံခဲ့ရပါတယ်။ တောင်အာဖရိက ကစားသမားတွေဖြစ်တဲ့ ဆီသိုလီနဲ့ ဇဝိန်းတို့ တိုက်ရိုက်အနီကတ်တွေပြသခံခဲ့ရလို့ ၉ ယောက်တည်းနဲ့ ကစားခဲ့ရသလို မက္ကဆီကို ကစားသမား မွန်တက်စ်ကလည်း ပွဲချိန် မိနစ် ၉၀ အပြီး နာကျင်အချိန်ပို ၂ မိနစ်မှာ ထုတ်ပယ်ခံရလို့ ၁၀ ယောက်နဲ့ကစားခဲ့ရပါတယ်။
ဒီပွဲကတော့ ၂၀၁၀ ကမ္ဘာ့ဖလား အဖွင့်ပွဲစဉ်မှာ ဆုံတွေ့ခဲ့ဖူးတဲ့ မက္ကဆီကိုနဲ့ တောင်အာဖရိကတို့ တကျော့ပြန် ပြန်လည်ဆုံတွေ့တဲ့ပွဲလည်း ဖြစ်ပါတယ်။
အမေရိကန်၊ ကနေဒါနဲ့ မက္ကစီကို ၃ နိုင်ငံ ပူးတွဲ အိမ်ရှင်အဖြစ် ကျင်းပတဲ့ ၂၀၂၆ ဖီဖာကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကြီးမှာ နိုင်ငံကိုယ်စားပြုအသင်းပေါင်း ၄၈ သင်းအထိ ပါဝင်ယှဉ်ပြိုင်နေကြပြီး ပွဲစဉ်ပေါင်း ၁၀၄ ပွဲနဲ့ တလခွဲကြာ ကျင်းပမှာဖြစ်ပါတယ်။











