
မြောက်ကိုရီးယားက နိုင်ငံအရှေ့ဘက်ဆီ ပဲ့ထိန်းဒုံးကျည်တစင်း ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ (JCS) ကို ကိုးကားပြီး ယွန်ဟပ် သတင်းဌာနက ဧပြီ ၁၉ ရက်မှာ ဖော်ပြပါတယ်။
မြောက်ကိုရီးယားဟာ ဧပြီ ၁၉ ရက်မှာ နိုင်ငံအရှေ့ဘက်ဆီ အမျိုးအမည်မသိ ပဲ့ထိန်း ဒုံးကျည်တစင်း ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယားအစိုးရ ပူးတွဲစစ်ဦးစီးချုပ်တွေက ပြောပါတယ်။
ဒါဟာ အခုလအတွင်း ၄ ကြိမ်မြောက် ပစ်လွှတ်မှုဖြစ်ပြီး အခုနှစ်ရဲ့ ၇ ကြိမ်မြောက် ပဲ့ထိန်းဒုံးကျည်စမ်းသပ်မှု ဖြစ်လို့ ဒေသတွင်း တင်းမာမှုတွေ ဆက်ဖြစ်ခဲ့တာပါ။
ဧပြီ ၈ ရက်က စမ်းသပ်မှုအပြီး ၁၁ ရက်အကြာ ဧပြီ ၁၉ ရက် ကိုရီးယားစံတော်ချိန် မနက် ၆ နာရီ ၁၉ မိနစ်လောက်မှာ မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်တာကို တောင်ကိုရီးယားနဲ့ ဂျပန်အာဏာပိုင်တွေက တွေ့ရှိခဲ့ပါတယ်။
တောင်ကိုရီးယားနဲ့ အမေရိကန်အာဏာပိုင်တွေက ပျံသန်းမှု အကွာအဝေး အပါအဝင် သတ်မှတ်ချက်တွေကို ခွဲခြမ်းစိတ်ဖြာနေကြပါတယ်။
ဂျပန်ပိုင်နက်ကို ချက်ချင်း ခြိမ်းခြောက်ပုံမပေါ်တဲ့ ပစ်လွှတ်မှုကို ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ခြေရာခံခဲ့တယ်လို့ NK News နဲ့ Japan Times သတင်းဌာနတွေမှာ ဖော်ပြပါတယ်။
တောင်ကိုရီးယားနဲ့ အမေရိကန် ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေအတွင်း ဧပြီ ၈ ရက်နဲ့ ၇ ရက်တို့မှာလည်း မြောက်ကိုရီးယား အစိုးရက တာတိုပစ် ပဲ့ထိန်းဒုံးကျည် (SRBM) ကို ၂ ဆင့်ကွဲ ဗုံးသီးထိပ်ဖူးတပ်ပြီး ပစ်လွှတ်စမ်းသပ်ခဲ့ပါတယ်။
Source: Reuters











